မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

မယ်စဲ့ ဩဂုတ်   ၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မယ်စဲ့-ဘီပီ (၁၃) လမ်းမကြီးနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ကွက်သစ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ရောဂါ လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်နေခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးကို  ရှောင်ကြဉ်ရန်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန် ဆောင်များ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ ရောဂါအခံရှိသူများအား အိမ်တွင်သာ နေထိုင်စေရန်၊ အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ရန်၊ နှာချေ ချောင်းဆိုးရာတွင် ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်ကွေးကို အသုံးပြု၍ ဖုံးအုပ်ရန်၊ လက်တွင် ဗိုင်းရပ်စ်ပိုးများ ကပ်ပါလာနိုင်သည့်အတွက် ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊ ကိုယ်ခံအား ကောင်းမွန်စေရန် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ရန်၊ အာဟာရပြည့်ဝစွာ စားသောက်ရန်နှင့် တရားမဝင် ဝင်ရောက်လာသူများရှိပါက နီးစပ်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကြရန် စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် လိုက်နာရမည့်အသိပေးချက်၊ သတိပေးချက်များကို Hand Speaker ဖြင့် အသိပေး နှိုးဆော်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများအား (Mask)များ အခမဲ့ ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ပညာပေး လက်ကမ်းကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ကယားပြည်နယ်တွင် ဩဂုတ် ၃ ရက်နေ့အထိ ပိုးတွေ့လူနာသစ် ၄၀ ဦးရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၆၈၄ ဦး၊ သေဆုံးသူ ၃၀ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၃၃၃ ဦးရှိကာ မယ်စဲ့မြို့နယ်အနေဖြင့် ယနေ့အထိ ပိုးတွေ့လူနာ မရှိသေးကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

သတင်းပေးပို့သူ ဒေါ်စောဝတ်ရည် (ဦးစီးမှူး)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မယ်စဲ့မြို့နယ်၊ ကယားပြည်နယ်

09424310699