ပွင့်ဖြူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်ရန်အတွက် ကိုဗစ် - ၁၉ ကာလ အတွင်း စီးပွားရေး ထိခိုက်မှု များအပေါ် သက်သာစေရေးစီမံချက် (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ်နည်း သင်တန်း ဖွင့်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်စိုးဦး က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးက ဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ စီးပွားရေးထိခိုက်မှုများအပေါ် အခက်အခဲမဖြစ်စေရေးအတွက် စီမံချက်ဖြင့် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေမှုများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် တို့က မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ဖွင့်လှစ်သင်ကြားမည့်သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြရန် အသီးသီး ဆွေးနွေးမှာကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က မေထုန်မဲ့သားစပ်နည်းသင်တန်းဖွင့်လှစ် သင်ကြားပေး ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် ဘာသာရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် သင်တန်းသားတစ်ဦးက ကိုဗစ် - ၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ စီးပွားရေး ထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး မေထုန်မဲ့သားစပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ မေထုန်မဲ့သားစပ်နည်းသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၇)ရွာမှ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းတွင် မေထုန်မဲ့သားစပ်ခြင်း၏ အဓိပ္ပါယ်နှင့် အကျိုးကျေးဇူးများအကြောင်း ၊ မွေးမြူရေးလုပ်ငန်းတွင် သိရှိလိုက်နာရမည့် သန့်ရှင်းမှုဆိုင်ရာ ဆောင်ရွက်ရန် အချက်များ ၊ မေထုန်မဲ့သားစပ်နည်းစနစ်များနှင့် နွားမ၏ မျိုးပွားအင်္ဂါအကြောင်း သိကောင်းစရာများ ၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း နည်းစနစ်များကို ဩဂုတ် ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )