ပခုက္ကူ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရပ်ကွက်များတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသူများမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ပခုက္ကူမြို့၊ ဒေသန္တရ ကျန်းမာရေး ဌာနခွဲ(၁)နှင့်(၂)တို့တွင် ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်/မများက ကာကွယ်ဆေး ထိုးနှံပေးမည့် သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်ပုံတင် ဆောင်ရွက်ခြင်းများပြုလုပ်ပြီး အမှတ်(၃)နှင့် အမှတ်(၆) ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၀၁)ဦးအား ဒေသန္တရ ကျန်းမာရေး ဌာနခွဲ(၁)နှင့် အမှတ်(၁၄)နှင့် အမှတ်(၁၅)ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၇၆)ဦးအား ဒေသန္တရ ကျန်းမာရေးဌာနခွဲ(၂) စုစုပေါင်း (၂၇၇)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိပြီး ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် ကော်မတီဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန(အစည်းအဝေးခန်းမ)၊ ကိုင်းတိုက်နယ်ဆေးရုံ၊ ကမ္မတိုက်နယ်ဆေးရုံ၊ မြစ်ခြေ တိုက်နယ်ဆေးရုံ၊ ဆိက္ခဝကျန်းမာရေး ဌာနတို့တွင်းလည်း ပထမအကြိမ် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေးမည့် လျာထားစာရင်းမှာ (၅၁၄၁၈)ဦးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သိရသည်။
ဇော်(အဝေးသင်)၊ ဟိန်းသူလွင်