ဘီးလင်း ဩဂုတ် ၃
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဩဂုတ်၁ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၀၂၂စင်တီမီတာ အထက် ၂ စင်တီမီတာ ကျော်လွန်မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသတွင် နေထိုင်ကြသော ပြည်သူများအား ယနေ့ နံနက်ပိုင်းက ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသတွင် နေထိုင်ကြသည့် အိမ်ထောင်စု(၁၈၄)စုမှ လူဦးရေ(၈၁၁)ဦးတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေယံအောင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး စခန်း(၉)ခုသို့ ပြောင်းရွှေ့နေရာချထားနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။