မြောက်ဦး ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အတွင်းရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆော်သြရာတွင် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့်ကျောက်တော် မြို့နယ်များအတွင်းရှိ မိဘပြည်သူများ အနေဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါဆိုး နိုင်ငံအတွင်း လျှင်မြန်စွာ ကူးစက်ပြန့်ပွားမှု မြင့်မားနေသဖြင့် လူအများ ဒုက္ခဆင်းရဲမှုများဖြစ်ကြပြီး သေဆုံးမှုမြင့်မားလျှက်ရှိကြောင်း၊ ထိုသို့ကူးစက် ဖြစ်ပွားမှုကို လျော့နည်းစေရန်နှင့် ထိရောက်စွာ ကာကွယ်ကုသ ထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးပြီး မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ဒီရောဂါ ဆိုးကြီးကို လျှင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံးမဖြစ်မနေ မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက်ကာကွယ် နိုင်မှာဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် နေအိမ်အတွင်း ပြင်ပမှလာသောဧည့်သည်များအား လက်မခံကြရန်နှင့် မဖြစ်မနေ အိမ်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေထိုင်ပါ၊ Mask မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြပါရန်စသည့် အချက်များအား ခရိုင်အတွင်းရှိ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်တော် မြို့နယ်များအတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ လမ်းဆုံ၊ လမ်းခွများ၊ လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ အသိပညာပေး ဆော်သြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)