Oxygen Plant တည်ဆောက်ပြီးသွားတဲ့အခါ အောက်ဆီဂျင်အတွက် စိုးရိမ်စရာမရှိတော့ပါဘူး နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင်-၃၀၀မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တွေ့ဆုံ မေးမြန်းခြင်း

နေပြည်တော် ဩဂုတ် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဇွန်လမှစတင်၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာသဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါစင်တာများအနက် နေပြည်တော် ပြည်သူ့ဆေးရုံ ကြီးကုတင်-၃၀၀မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုပေးနေသည့် အခြေအနေများကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- ဆရာမတို့ ကုတင် -၃၀၀ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ဆေးရုံတက်ရောက် ကုသသူ အရေအတွက်နဲ့ ဆေးရုံဆင်းသွားတဲ့ လူနာအရေအတွက်ကို သိပါရစေ။

ဖြေ- ယခုအချိန်အထိ ကိုဗစ်-၁၉ရောဂါနဲ့ ဆေးရုံတက်နေတဲ့လူနာအရေအတွက် (၅၇၄)ဦးရှိပြီး ဆေးရုံဆင်း လူနာပေါင်း(၄၈၂)ဦး ရှိပါပြီ။ ဆေးရုံမှာ လက်ရှိလူနာ (၉၂)ဦးရှိပြီး နေ့စဉ်အဆင်းအတက် ရှိပါသည်။ လူနာ (၂၀၀) အထိ လက်ခံကုသပေးနိုင်ပါတယ်။

မေး- လူနာတွေကို ပြုစုစောင့်ရှောက်မှုပေးနေတဲ့ အခြေအနေကိုလည်း ပြောပေးပါဦး။

ဖြေ- အဓိကအားဖြင့် ကုတင်-၃၀၀မှ Mild and Moderate လူနာတွေကို လက်ခံကုသပေးနေပါတယ်။ Severe Illness ရှိရင် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသပေးပါတယ်။ ရံဖန်ရံခါလွှဲဖို့ အဆင်မပြေရင်လဲ ခုတင်(၃၀၀)မှာပဲ လက်ခံကုသပေးပါတယ်။

မေး- ဆေးရုံမှာ ဘယ်လိုလူနာတွေ  လာရောက်ကုသပါသလဲ။   လာရောက်ကုသဖို့   ဘယ်လိုဆောင်ရွက် ရပါသလဲ။

ဖြေ- Bed Management ကော်မတီရဲ့အဆုံးအဖြတ်နဲ့လက်ခံကုသပေးပါတယ်။ Quarantine Center စစ်ဆေးရေးဂိတ်နဲ့ အခြားဆေးရုံတွေကနေ  ကိုဗစ်- ၁၉ စစ်ဆေးပြီး Positive ထွက်တဲ့ လွှဲပြောင်း လူနာတွေကိုလည်း လက်ခံကုသပေးနေပါတယ်။

မေး- ဆေးရုံကလူနာတွေအတွက် အောက်ဆီဂျင်ရရှိမှု အခြေအနေနဲ့သုံးစွဲမှု အနေအထားလေးလဲ ပြောပြပေးပါဦး။

ဖြေ- နေပြည်တော်ကောင်စီရဲ့ အကူအညီနဲ့ တပ်မတော်က လှူဒါန်းတာရှိပါတယ်။  ပုဂ္ဂလိက ကုမ္ပဏီဖြစ်တဲ့ ယွမ်ယွမ်ကုမ္ပဏီကနေ လှူတာလဲရှိပါတယ်။ မန်းရှင်ကုမ္ပဏီကနေ ဝယ်ယူသုံးစွဲပါတယ်။  တစ်နေ့ကို အကြမ်းဖျင်းအားဖြင့် ဆောက်ဆီဂျင်အလုံးရေ (၇၀)နှင့် (၁၀၀)ကြား သုံးစွဲရပါတယ်။  ရောဂါ ပြင်းထန်မှုနဲ့ အောက်ဆီဂျင်ရှူရမယ့်  လူနာအရေအတွက်ပေါ် မူတည်ပါတယ်။

မေး- အောက်ဆီဂျင်လိုအပ်မှုအပေါ် ကိုဗစ်-၁၉လူနာတွေ စိုးရိမ်စိတ်မြင့်မားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြံ​ပြုစေချင်ပါတယ်။

ဖြေ- အောက်ဆီဂျင်ကတော့ လက်ရှိအနေအထားအရ လုံလောက်အောင် စီစဉ်ပေးနေတဲ့အတွက် အဆင်ပြေပါတယ်။ အောက်ဆီဂျင် Plant တည်ဆောက်ပြီးတဲ့အခါ လုံးဝစိုးရိမ်စရာ မရှိတော့ဘူးလို့ ထင်ပါတယ်။

မေး- Oxygen Plant တည်ဆောက်နေမှုအခြေအနေနဲ့ တည်ဆောက်ပြီးစီးတဲ့အခါ ခွဲဝေသုံးစွဲမယ့် အခြေအနေကိုလည်း ပြောပေးပါဦး။

ဖြေ- နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်-၃၀၀မှာ တန်(၂၀)ဆန့် Liquid Oxygen Plant တည်ဆောက်နေပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက   အဆောက်အဦပိုင်းဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ကုသရေး ဦးစီးဌာနတို့က စက်ပစ္စည်း တပ်ဆင်ရေးပိုင်းကို ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပါတယ်။   ဩဂုတ်လ  ပထမပတ်အတွင်းလောက်မှာ အောက်ဆီဂျင် ထုတ်ယူရရှိနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စက်ရုံတည်ဆောက် ပြီးစီးတဲ့အခါ နေပြည်တော်အတွင်းမှာရှိတဲ့ ဆေးရုံအားလုံးကို   ခွဲဝေသုံးစွဲပေးသွားမှာ ဖြစ်ပါတယ်။

မေး- လက်ရှိကြုံနေရတဲ့ အခက်အခဲတွေရှိပါသလား။

ဖြေ- ဆရာဝန်အင်အား ထပ်မံဖြည့်တင်းပေးမယ်ဆိုရင်တော့ ပိုမိုပြီးပြည်သူတွေကို ဝန်ဆောင်မှု ပေးသွား နိုင်မှာပါ။

မေး- ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး အကြံပြုပြောကြားပေးပါဦး။

ဖြေ- ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုအကြံပြုချင်တာက ရောဂါမဖြစ်အောင် ကာကွယ်ပါ။ Mask တပ်ပါ။ စနစ်တကျလက်ဆေးပါ။ လူစုလူဝေးရှောင်ကြဉ်ပါ။ အိမ်မှာဖြစ်စေ အလုပ်မှာဖြစ်စေ ၆ပေ အကွာနေထိုင်ပြီး အလုပ်လုပ်ကြပါ။

မေး- အခြားဖြည့်စွက်လိုတဲ့အချက်တွေရှိရင်လဲ ပြောပေးပါဦးရှင့်။

ဖြေ- ဖြည့်စွက်ပြောချင်တာကတော့ ကိုဗစ်-၁၉ ရောဂါဟာ ကူးစက်မြန်ပြီး အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်တဲ့အတွက်  ရောဂါမဖြစ်အောင်  မကူးစက်အောင် နေထိုင်ပါ။ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံ ရှိသူတွေအတွက် စနစ်တကျ ဆေးကုသမှုခံယူပါ။ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေမှာလည်း ထိုးဖြစ်အောင်ထိုးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း-သန္တာလင်း