ပဲခူး သြဂုတ် ၁၂
ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ ဆဌမ အကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ခြင်း လုပ်ငန်း ဆောင်ရွက်သွားရန် သတ်မှတ် လျာထားကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီးအား စတင်တည်ထားကိုးကွယ်ခဲ့သည့် မဟာသက္ကရာဇ် (၁၀၉)ခုနှစ်မှ စတင် ရေတွက် သော် ယခုအချိန်တွင်သက်တမ်း ၂၆၀၀ကျော်နေပြီဖြစ်ပြီး သမိုင်းစဉ် တလျောက် မင်းနှင့် ပြည်သူတို့ ယနေ့ထိတိုင် စဉ်ဆက်မပြတ် ထိန်းသိမ်းပြုပြင်ခဲ့သည်မှာ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ချစ်ခင်မြတ်နိုးသည့် စိတ်၊ ဘာသာသနာကို ထိန်းသိမ်းစောင့်ရှောက်သော ပင်ကိုအသိစိတ် တို့ကြောင့်ပင်ဖြစ်ပေသည်။
သမိုင်းဝင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် သက်တမ်းရှည်ကြာလာပြီ ဖြစ်ရာ မျက်မှောက်ခေတ် တွင် အစဉ်အမြဲရွှေရောင်ဝင်း၍ သစ်လွင်တောက်ပပြီး ဘုရားဖူး ပြည်သူများ စိတ်ချမ်းမြေ့ ကြည်လင်စွာဖြင့် ကြည်ညိုသဒ္ဒါ ပွားနိုင်စေရန်အတွက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ၁၈၉၈ ခုနှစ် တွင်ပထမအကြိမ်၊ ၁၉၉၄ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၀၄ ခုနှစ်တွင်တတိယအကြိမ်၊ ၂၀၁၀ ခုနှစ်တွင် စတုတ္ထ အကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ပဉ္စမအကြိမ်ဟူ၍ (၅)ကြိမ်အထိ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အနေဖြင့် ယေဘူယျအားဖြင့် အကြောင်းအမျိုးမျိုး ကြောင့် မဆောင်ရွက် နိုင်ခဲ့သည်မှအပ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းကို (၅)နှစ်တစ်ကြိမ် ဆောင်ရွက်ရန် သတ်မှတ်ထားရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်၌ (၅)နှစ်ပြည့်ပြီဖြစ်သောကြောင့် ဆဌမ အကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရာတွင် ငြမ်းဆင်ခြင်း နှင့် ရွှေဆိုင်းများကိုတင်ဒါစနစ်ခေါ်ယူခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိလည်းကောင်း၊ ငြမ်းထိုး/ ငြမ်းဆင် လုပ်ငန်း စတင်ခြင်းကို စက်တင်ဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိ လည်းကောင်း၊ စေတီတော်မှ ရွှေဟောင်း(မိုက်ထုတ်)လုပ်ငန်းနှင့် အထွေထွေ ပြုပြင်ရေးကို နိုဝင်ဘာလ(၁) ရက်နေ့မှ (၃၀)ရက်နေ့ အထိလည်းကောင်း၊ ရွှေသင်္ကန်းနှင့်ရွှေစင် ရွှေသား ကပ်လှူရေး လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ လည်းကောင်း၊ အရံကာလအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၂၈)ရက်နေ့ အထိလည်းကောင်း၊ ငြမ်းဖျက်သိမ်းခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်မတ်လ(၁)ရက်နေ့မှ (၂၅)ရက် နေ့ အထိလည်းကောင်း လျာထား သတ်မှတ်ထားရှိကြောင်း သိရသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော် ရာတွင် (၂"×၂")ရွှေဆိုင်း ကြီး (၂၇၉၄၇)ဆိုင်းခန့်ကုန်ကျမည်ဖြစ်ပြီး ထီးတော်ဘုံ(၅)ဆင့်တွင် ရွှေဆိုင်း ကြီး (၁၀၀)ဆိုင်းခန့်၊ ငှက်ပျောဖူးတော်တွင် (၁၃၈၄)ဆိုင်းခန့်၊ ကြာမှောက်၊ ကြာလှန်ရွဲ နှင့် ဖေါင်းတို့တွင် (၆၈၆၃)ဆိုင်းခန့်၊ ပန်းဆွဲ(သပိတ်မှောက်)တွင် (၆၂၁၂)ဆိုင်းခန့်၊ ခါးတော်ပတ် တွင် (၁၆၃၇)ဆိုင်းခန့်၊ ခေါင်းလောင်းတော်တွင်(၆၃၅၈)ဆိုင်းခန့်၊ ဂေါ့တွင်(၁၄၀၉) ဆိုင်းခန့်၊ ကြေးဝန်း (၅)ဝန်းတွင် (၃၉၅၇)ဆိုင်းခန့်၊ ငြမ်းပေါက်ဖာ(၂၇)ဆိုင်း စုစုပေါင်းရွှေဆိုင်းကြီး (၂၇၉၄၇) ဆိုင်းခန့် ဆက်ကပ်လှူဒါန်းပူဇော်သွားမည်ဖြစ် ကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် ဆောင်ရွက်သွားမည့် အဓိက လုပ်ငန်းအနေဖြင့် ကုသိုလ်ရှင်၊စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ငှက်ပျော ဖူးတော်အား ရွှေ၃ကျပ်သားရှိ (၁'×၁') ရွှေစင်ရွှေပြားများကပ်လှူခြင်း၊ ထီးတော် အောက်ခြေနှင့် ငှက်ပျောဖူးတော်၏ ရွှေစင်ရွှေပြားကပ်လှူပြီး ကျန်ရှိသော ဧရိယာများမှ ကျည်းဝန်း (၅)ဝန်းအထိ မျက်ပါးရွှေသင်္ကန်း ကပ်လှူခြင်း၊ စေတီတော်ကြီး၏ပန်းတင်ခုံ၂ဆင့်ရှိ အရန်စေတီ (၁၂၁)ဆူအား ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်အားစစ်ဆေးခြင်း၊ ဖန်ပေါင်း ချောင်အား အသေးစိတ်စစ်ဆေးခြင်း၊ ငှက်မြတ်နားတော်တွင် ချိတ်ဆွဲထားသော ရွှေခေါင်း လောင်း များနှင့် ရတနာပစ္စည်းများ တည်ရှိမှုအနေအထားအား စစ်ဆေး၍ လိုအပ်သော ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း၊ ထီးတော်နှင့်ဒေါက်တိုင်များ၊ ခေါင်းလောင်းများအား စစ်ဆေး မွမ်းမံ ပြင်ဆင်ခြင်း၊ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသောရွှေစင်ရွှေပြားများကို အစားထိုး ကပ်လှူခြင်းများ စသည့်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြစ်သည့်အပြင် COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် COVID-19ကာကွယ် ထိန်းချုပ် ကုသရေးညွှန်ကြားချက်များနှင့်အညီ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော် မြတ်ကြီးအား ဂေါပက အဖွဲ့မှ ဦးဆောင်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရာတွင် အလှူရှင်များအနေဖြင့် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ထားရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)