ဂွ ဩဂုတ် ၁
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်း၍ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့သို့ အလှူငွေကျပ်(၁၂)သိန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူလူထု၏ အသက်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အောက်ဆီဂျင် လိုအပ်ချက်များ ရှိလာနိုင်သဖြင့် မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ကင်းရုံးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နန္ဒရံသီကင်းရုံး ဘုန်းကြီးကျောင်းဘေးရှိ မြေကွက်လပ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ အမြန်ဆုံးတည်ဆောက် ပြီးစီးနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်း၍ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့သို့ အလှူငွေကျပ်(၁၂)သိန်းကိုပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်း