ပုဏ္ဏားကျွန်း ဩဂုတ် ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုနှင့်အသက်(၆၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၂ နာရီမှ ၄ နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု(၂၉၀)ဦး၊ အသက်(၆၅)နှစ်အထက် ပြည်သူ(၁၇၆)ဦး စုစုပေါင်း(၄၆၆)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို လူနှစ်ယောက်နှုန်း ထိုးနှံပေးနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု(၆၂၃) ဦး၊ အသက်(၆၅)နှစ်အထက်ရှိ ပြည်သူ(၄၀၀)ကျော်ရှိနေကြောင်း မြို့နယ်အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)