ပြည် ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီမှ ၁၂နာရီအထိ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိသည်။
ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သော ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အလှည့်ကျ နေ့စဉ်ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရပြီး ယနေ့တွင် ရွာဘဲနယ်မြေအတွင်းရှိ အသက် ၆၅နှစ်နှင့်အထက် သက်ကြီး ရွယ်အို အဘိုးအဘွား (၁၃၂)ဦးကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံပေး ခဲ့ကြောင်းနှင့် အဆိုပါနယ်မြေမှ အခြားကျန်အုပ်စုများတွင်ပါဝင်သူများအား မွန်းလွဲ ၁နာရီမှ၃နာရီအထိ ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ကြီးများအပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်း(၆၉)အုပ်စုရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသော အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများ၊အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတ ဆောင်ရွက်နေသူများအပါအဝင် ဘိုးဘွားရိပ်သာနှင့် ဘုန်းကြီးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းနှင့် ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/ မိုတယ်/တည်းခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး (ကုန်း၊ရေ၊လေ)နှင့် Super Market/ဈေးများ အစရှိသည့် အုပ်စုများခွဲထားကာ နေ့စဉ် နံနက် ၉ နာရီမှ ၁၂နာရီအထိအား အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အို အဘိုးအဘွားများကို ထိုးနှံပေးပြီး မွန်းလွဲ ၁နာရီမှ ၃ နာရီအထိအား ကျန်အုပ်စု များတွင်ပါဝင်သူများကို ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။
ကိုဆက်