မော်လိုက် ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မော်လိုက်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ပြည်သူများနှင့်ဝန်ထမ်းများအား ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေး ခဲ့ကြသည်။ ထို့နောက် ဆေးထိုးပြီးသူများအား မိနစ် ၃၀ နားနေစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
မော်လိုက်မြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းကို လေးရက်သတ်မှတ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မကြာမီဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုတို့အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးသီဟဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေး ခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်သူများ ကာကွယ်ဆေးထိုးနှံခြင်းဖြင့်ပြည်သူများအကြားတွင် ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်မှုမှလျှော့ချစေနိုင်ခြင်း၊ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုများ၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားခံစားရ၍ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမှုများနှင့် ရောဂါကြောင့် သေဆုံးမှုများကို အလွန်ထိရောက်စွာ ကာကွယ်လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိခံစားရမည် ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး