မင်းလှ ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား စုရပ် (၈)နေရာတွင် ယမန်နေ့နံနက် ၉ နာရီချိန်က လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ်ဖြစ်သော မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနရုံး၊ စစ်ကွင်းတိုက်နယ်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိသော စိန်ကန့်လန့်ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ ရေကျော်ကျေးရွာ၊ ရွှေလောင်း၊ ဂန့်ဂေါပင် ကျေးရွာ၊ ရှားတောကွင်းကျေးရွာတို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား နံနက်၉ နာရီမှညနေ ၄ နာရီအထိ ထိုးနှံပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများအား ထိုးနှံပြီး သွားပါက ကာကွယ်ဆေးမထိုးနှံရသေးသော အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း၊ ပရဟိတနှင့်အသင်းအဖွဲ့များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံနှင့် အလုပ်ရုံများမှဝန်ထမ်းများ၊ ဟိုတယ်၊မိုတယ်နှင့် တည်းခိုခန်းများမှဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူများ၊ Super Market နှင့်ဈေးများမှဝန်ထမ်းများ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွက်ဆေးလုံးရေ(၈၀၀) လုံးရရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ပေါက်စ (မင်းလှ)