မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော

မြောက်ဦး   ဩဂုတ်  ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်  ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက အဆိုပါတိုက်ပွဲရှောင်စခန်းနေရာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေးဦးဆောင်၍ (RCV) ၁၀ ဦးတို့က  မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သည့် အောင်စေတီ တိုက်ပွဲရှောင်စခန်း၊ နရတ်စား တိုက်ပွဲရှောင်စခန်း၊ ကျောက်ရာဇ်ကေတိုက်ပွဲရှောင်စခန်း၊ လက်ကောက်ဈေး တိုက်ပွဲရှောင်စခန်းစသော နေရာများသို့ သွားရောက်ပြီး ရခိုင်ပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအားတိကျစွာလိုက်နာပြီး ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပါးစပ်နှင့်နှာခေါင်း စည်း (Mask) များအားစနစ်တကျတပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာ မှသာ ပြောဆိုဆက်ဆံနေထိုင်ကြရန်၊ လက်သန့်ဆေးရည်ဖြင့်လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောနည်းများအား လက်တွေ့သရုပ်ပြသခြင်း၊ နေအိမ်အပြင်ထွက်တိုင်း Mask များတပ်ဆင်သွားလာကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး လက် ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အသိပညာပေး သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)