ဗန်းမောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့ ရေကြီးနစ်မြှုပ်

ဗန်းမောက် ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကနန်းဒေသအတွင်း ယနေ့နံနက် (၇)နာရီအချိန်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေကြီးရေလျှံ ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ လူနေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကနန်းဒေသ မူးမြစ်ရေမြှင့်တက်ခဲ့မှုကြောင့် အဆိုပါကျေးရွာများအတွင်းရှိ ရေဝင်ရောက်သည့် နေအိမ်များမှ လူများနှင့်တိရိစ္ဆာန်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း လိပ်စောကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါ လိပ်စောအုပ်စုမှ လိပ်စောကျေးရွာ၊ ဟော်ယောကျေးရွာ၊ ကနန်းမန်ကျည်းကုန်းအုပ်စုမှ မန်ကျည်းကုန်းကျေးရွာနှင့် မူးသားအုပ်စုမှ ပဲနင်းကျေးရွာများအတွင်းသို့ မြစ်ရေ (၂)ပေမှ (၄)ပေခန့်အထိ ဝင်ရောက်လျက်ရှိကြောင်း၊ ရေကြီးနစ်မြှုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နံနက် (၁၀)နာရီအချိန်တွင် သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ