ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေမိုးအား တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေမိုးအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင် ၃၁ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည် မေး။ ကန့်ဘလူမြို့နယ်မှ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်ဆရာ။ ဖြေ။ ကန့်ဘလူမြို့နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ အရေးပေါ်တုန့်ပြန်ရေး ကော်မတီကို ဖွဲ့စည်းထားပါတယ်၊ ဥက္ကဋ္ဌအဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆောင်ရွက်ပါတယ်၊ အဖွဲ့ဝင်များကတော့ ဌာနဆိုင်ရာ များက ပါဝင်ဖွဲ့စည်းထားပါတယ်။ လက်ရှိဆောင်ရွက်နေတာကတော့- ၁။ ကန့်ဘလူမြို့ရဲ့ မြို့အဝင်ဂိတ် ၂ ခုမှာ မြို့တွင်းဝင်ရောက်လာသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း ဖျားနေလျင်(သို့မဟုတ်) stay at home သတ်မှတ်ထားတဲ့ မြို့နယ်များမှ ပြန်လာသူများဆိုရင် RDT Tast စစ်ဖို့ ကန့်ဘလူ ကုတင်(၁၀၀)ဆေးရုံရှိ ဓာတ်ခွဲခန်းနှင့် ချိတ်ဆက်ပြီး RDT Tast နဲ့ ရောဂါ ရှိမရှိ စစ်ဆေးပါတယ်၊ သံသယရှိသူတွေ၊ stay at home ကလာတဲ့သူတွေ၊ လူနာနဲ့ထိတွေ့ ဆက်စပ်သူတွေကို CBFQ သွင်းပြီး (၃)ရက်မြောက်နဲ့ (၇)ရက်မြောက်မှာ RDT စစ်ဆေးပါတယ်၊ အဲဒီက Positive ထွက်ရင်တော့ ကုသရေးစင်တာများ ဖြစ်တဲ့ ကုတင်(၁၀၀)သံဃာဆောင်၊ တိုင်းရင်းဆေးရုံ၊ အားကစားခန်းမ၊ အလေးမရုံ(၁)နဲ့(၂)၊ GTI ကျောင်းသားအဆောင်တွေကို ပို့ပြီး ကုသမှုခံယူစေပါတယ်၊ Negative လူတွေကတော့ ကုတင်(၁၀၀)ဆေးရုံရှိ (၄)ခန်းတွဲ (၄)ထပ် ဆောင်မှာ Quarantine ဆက်လက်ထားရှိပါတယ်။ ၂။ သံသယလူနာများ ပိုးရှိသူနဲ့ ထိတွေ့ဆက်စပ်မိသူများ Stay Home သတ်မှတ်မြို့နယ်မှ ပြန်လာသူ များကို နေ့စဉ် RDT နဲ့ စစ်ဆေးပေးလျက်ရှိပါတယ်။ ၃။နောက် လူထုကို အသိပေးနှိုးဆော်တဲ့အနေနဲ့ အသံချဲ့စက်နဲ့ နှိုးဆော်အသိပေးတာကိုလည်း မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်ပေးနေပါတယ်၊ Mask Campaign အနေနဲ့ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲမှ ဈေးများမှာ အခါအားလျော်စွာ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မေး။ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာလျင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲဆရာ။ ဖြေ။ ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ကုသရေးစင်တာတွေမှာ သွားရောက်ပြီး စနစ်တကျကုသမှု ခဲ့ယူရပါမယ်၊ ရောဂါအခံတွေဖြစ်တဲ့ ဆီးချို၊ ပန်းနာရင်ကြပ်၊ အသဲ၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ ရှိခဲ့ရင် ဆိုးရွားတဲ့အခြေအနေ ဖြစ်နိုင်လို့ အထူးကြပ်မတ်ကုသရပါမယ်၊ အစားအသောက်အနေနဲ့ ကတော့ အားရှိတဲ့ အစားအစာတွေ စားသောက်ပြီး၊ အိပ်ရေးဝအောင်အိပ်၊ အားဆေးသောက် နေထိုင်သင့်ပါ တယ်၊ ရင်ကြပ်စေတဲ့ အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ်။ မေး။ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာရင် မိမိကိုယ်ကို ဘယ်လိုစောင့်ရှောက်သင့်ပါသလဲဆရာ။ ဖြေ။ ခုနကပြောခဲ့သလိုဘဲ ရောဂါအခံရှိခဲ့ရင် စနစ်တကျ ကုသမှုခံယူရမှာ ဖြစ်ပါတယ်၊ သာမန်လူများအနေ နဲ့ကတော့ အစားအသောက် အနေအထိုင်နဲ့ အိပ်ရေးဝအောင် အိပ်စက်အနားယူပြီး ဆရာဝန် ညွှန်ကြားတဲ့ဆေးဝါးများနဲ့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ မေး။ Quarantine Center တွေမှာ လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေများကို သိချင်ပါတယ်ဆရာ။ ဖြေ။ Quarantine Center တွေမှာ သံသယလူနာများ၊ Stay Home ကလာတဲ့သူများ၊ ပိုးတွေ့လူနာနဲ့ ဆက်စပ်ထိစပ်ခဲ့သူများကို(၁၀)ရက် Quarantine ထားရှိပါတယ်၊ သူတို့ကိုတော့(၃)ရက်မြောက်နဲ့ (၇)မြောက်မှာ ရောဂါပိုး ရှိမရှိ RDT နဲ့ စစ်ဆေးပေးပါတယ်။ မေး။ ကိုဗစ်ရောဂါ သံသယလူနာတွေကို ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးပေးနပါသလဲဆရာ။ ဖြေ။ လူတစ်ယောက်က မိမိမှာ ကိုဗစ်-၁၉ ရောဂါ သံသယရှိခဲ့ရင် မိမိကျေးရွာမှာရှိတဲ့ Quarantine Center မှာ (၁၀)ရက်နေပြီး (၃)ရက်မြောက်နဲ့ (၇)ရက်မြောက်မှာ ကန့်ဘလူကုတင်(၁၀၀)ဆေးရုံရှိ ဓာတ်ခွဲခန်း နဲ့ ချိတ်ဆက်ပြီး RDT နဲ့ စစ်ဆေးရမှာ ဖြစ်ပါတယ်။ မေး။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲဆရာ။ ဖြေ။ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ မောကြပ်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျခြင်း၊ အနဲ့ပျောက်ခြင်းတွေ ဖြစ်ပါက ကန့်ဘလူ ကုတင်(၁၀၀)မှာ ရှိတဲ့ အနံ့ပျောက်လူနာဆောင်မှာနေပြီး ရောဂါပိုးရှိမရှိ စစ်ဆေးဖို့ ဆက်သွယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မေး။ ရောဂါပိုး တွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးပါသလဲဆရာ။ ဖြေ။ ရောဂါပိုးတွေ့ရှိရင် ကုသရေးစင်တာတွေဖြစ်တဲ့ ကုတင် (၁၀၀)သံဃာဆောင်၊ တိုင်းရင်းဆေးရုံ၊ အားကစားခန်းမ၊ အလေးမရုံ(၁)နဲ့(၂)နှင့် GTI ကျောင်းသားဆောင်တွေကို ပို့ဆောင်ပြီး ကုသမှုပေးပါတယ်။ မေး။ ဘယ်လိုရောဂါလက္ခဏာမျိုးတွေ့ရင် စိုးရိမ်ရတဲ့ အခြေအနေလို့ ခေါ်ပါသလဲဆရာ။ ဖြေ။ ကိုဗစ်လူနာတစ်ဦးဟာ အခံရောဂါတွေဖြစ်တဲ့ ဆီးချို၊ နှလုံး၊ အသဲ၊ ကျောက်ကပ်၊ အဆုတ်နာတာရှည် ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် ဆိုးရွားတဲ့အခြေအနေဖြစ်နိုင်လို့ အထူးကြပ်မတ်ကုသရပါမယ်။ အခံ ရောဂါမရှိဘဲလည်း ကိုဗစ်ကြောင့် ပြင်းထန်အဆုတ်ရောင်ပြီး အောက်ဆီဂျင် ၉၀% အောက်ကျခဲ့ ရင်လည်း စိုးရိမ်ရတဲ့အခြေအနေမို့ အထူးဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်။ မေး။ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲ။ ဖြေ။ ကန့်ဘလူမှာ အောက်ဆီဂျင်ဖြည့်သွင်းဖို့ အောက်ဆီဂျင် Plant မရှိပါဘူး၊ အောက်ဆီဂျင်ဖြည့်သွင်းဖို့ မန္တလေးနဲ့ မုံရွာမြို့တွေမှာ သွားရောက်ဖြည့်တင်းရပါတယ်၊ လူနာတွေအတွက် O2 concentrator (၄)လုံးနဲ့ O2 Cylinder(၂၁)လုံးနဲ့ လည်ပတ်ပေးနေရပါတယ်၊ ကန့်ဘလူအောက်ဆီဂျင် ပရဟိတ အသင်း၊ မြို့မိမြို့ဖအသင်းကနေပြီးတော့ O2 concentrator(၆)လုံး ဝယ်ယူဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။ မေး။ ပိုးတွေ့လူနာနဲ့ထိတွေ့သူတွေကို Quarantine ဝင်ဖို့အတွက် စီစဉ်ထားရှိမှု အခြေအနေများကိုလည်း သိချင်ပါတယ်ဆရာ။ ဖြေ။ ပိုးတွေ့လူနာနဲ့ ထိတွေ့သူများကို Quarantine (၁၀)ရက် ဝင်ရပါတယ်၊ (၁၀)ရက်ပြည့်လို့ပြန်သွားရင် အိမ်မှာ Home Quarantine(၇)ရက် ဆက်ထားပါတယ်။ မေး။ ပိုးတွေ့လူနာတွေအတွက် ဆေးရုံမှာ ဆောင်ရွက်ပေးနေမှုအခြေအနေကရောဆရာ။ ဖြေ။ စိုးရိမ်ရတဲ့ ပိုးတွေ့လူနာတွေအတွက် တိုင်းရင်းဆေးရုံမှာထားပြီး ကြပ်မတ်ကုသပေးပါတယ်၊ သာမန်ပိုးတွေ့လူနာတွေကတော့ ပိုးတွေ့ကုသစင်တာတွေမှာ ကုသပေးပါတယ်။ မေး။ လက်ရှိဆေးရုံတက်နေတဲ့ လူနာဦးရေနဲ့ ပြန်လည်ကျန်းမာလာမှု အခြေအနေစာရင်းလေး သိချင်ပါ တယ်ဆရာ။ ဖြေ။ လက်ရှိဆေးရုံတက်နေတဲ့ လူဦးရေက (၂၉၁) ယောက်ရှိပြီး ပြန်လည်ကျန်းမာလာသူကတော့ (၁၄၀)ဦး ရှိပါတယ်။ ကန့်ဘလူမှာ ပိုးတွေ့လူနာပေါင်း (၄၄၁)ဦးရှိပြီဖြစ်ပါတယ်။ မေး။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့သူများကို ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုများ စီစဉ်ဆောင်ရွက် ထားပါသလဲ။ ဖြေ။ လာမည့် ဩဂုတ်လထဲမှာ ကာကွယ်ဆေးထိုးနှံပေးရာမှာ ဦးစားပေးအနေနဲ့ အသက်(၆၅)နှစ်အထက် ရှိသူများကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ညွှန်ကြားပြီးဖြစ်ပါတယ်၊ စာရင်းကောက်ယူရရှိပြီးရင် ကာကွယ်ဆေးများကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ မေး။ အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးပါအုံးဆရာ။ ဖြေ။ ကျွန်တော်တို့ ကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ ဦးဆောင်မှုနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးကို ဆက်လက်ဆောင်ရွက် နေကြောင်း ပြောကြားလိုပါတယ်။ ခင်မိုးခက်၊ အောင်ဝင်းငြိမ်း(ပြန်/ဆက်)