တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

တောင်ငူ   ဇူလိုင်   ၃၁

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း ၊ မြစည်းခုံ သာသနာ့ဗိမာန်(ဟောင်း) ၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ဘုရားကျောင်း နှင့် ကေတုမတီမြို့သစ် အထက်တန်းကျောင်း နေရာများတွင် ယနေ့နံနက်ပိုင်းမှစ၍ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ နှင့် ဦးစားပေး ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm ) အလုံးရေ (၈၀၀) အား ဦးစားပေး ဦးတည်အုပ်စုများအဖြစ် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ စေတနာ့ ဝန်ထမ်းများအား ဦးစားပေးအစီအစဉ်အလိုက် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၂ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်သည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အလုံးရေ (၄၁၂) လုံးအား အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အချုပ်သားများအား ထိုးနှံပေးမည်ဖြစ်ကြောင်း ဘိုးဘွားရိပ်သာများရှိ သက်ကြီးဘိုးဘွားများ ၊ သာသနာ့ဝန်ထမ်းများ ၊ ဘုန်းတော်ကြီးနှင့်သီလရှင်များ ၊ ကာကွယ်ဆေးမထိုရသေးသည့် နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံ ၊ အလုပ်ရုံဝန်ထမ်းများ ၊ ဟိုတယ် မိုတယ် တည်းခိုခန်းများမှ ဝန်ထမ်းများ ၊ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ (ကုန်းကြောင်း ၊ ရေကြောင်း ၊ လေကြောင်း) ၊ စူပါမားကတ်များ ၊ စျေးများမှ ဝန်ထမ်းများအား ကာကွယ်ရေးရရှိမှုပေါ် မူတည်၍ အမြန်ဆုံး ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်ဦးတည်အုပ်စုများအား ဆက်လက်ထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

လတ်တလောအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုသူများအဖြစ် ယခင် COVIA SHIELD အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်မျိုးမျိုးကို (၂) ကြိမ်အပြည့် ထိုးနှံပြီးသူများ ၊ လက်ရှိ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများနှင့် အဖျားရောဂါရှိသူများ ၊ ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုလူနာ များအနေဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးအတည်ပြုသည့်နေ့မှ စတင်၍ ကာကွယ်ဆေးထိုးမည့်အချိန်အထိ (၆) လတာကာလ မပြည်မီသူများအား ကာကွယ်ဆေးထိုးနှံမှု မပြုသူများအဖြစ်ထားရှိကြောင်း ၄င်းအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမိုးထက်နှင့် အဖွဲ့ဝင်များ  ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့များ ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုကူညီရေးပရဟိတ အသင်းအဖွဲ့များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် သက်ကြီးရွယ်အိုများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်