မကွေးခရိုင်အတွင်းရှိ ပြည်သူများနှင့် ဝန်ထမ်း(၅)သောင်းကျော်အား ဩဂုတ်လ (၂) ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

မကွေး ဇူလိုင် ၃၁ မကွေးခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများနှင့် ဝန်ထမ်း (၅)သောင်းကျော်အား မြို့နယ်အလိုက် ဦးစားပေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ သတ်မှတ်နေရာများတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း မကွေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ မကွေးမြို့နယ်တွင် (၈၁၃၄) ဦး၊ ရေနံချောင်းမြို့နယ်တွင် (၇၂၅၀) ဦး၊ ချောက်မြို့နယ်တွင် (၁၁၆၂၉) ဦး၊ တောင်တွင်းကြီးမြို့နယ်တွင် (၉၃၇၃)ဦး၊ မြို့သစ်မြို့နယ်တွင် (၆၂၀၉) ဦး၊ နတ်မောက်မြို့နယ်တွင် (၈၇၃၇) ဦး၊ မကွေးခရိုင်အတွင်း စုစုပေါင်း (၅၁၃၃၂) ဦးအား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ရာ ပြည်သူများလွယ်လင့်တကူ ထိုးနှံနိုင်ရေး မကွေးမြို့နယ်တွင် စုရပ်(၈) နေရာ၊ ရေနံချောင်းမြို့နယ်တွင် စုရပ် (၅)နေရာ၊ ချောက်မြို့နယ်တွင် စုရပ် (၆) နေရာ၊ တောင်တွင်းကြီးမြို့နယ်တွင် စုရပ်(၆)နေရာ၊ မြို့သစ်မြို့နယ်တွင် စုရပ်(၆)နေရာ၊ နတ်မောက်မြို့နယ်တွင် စုရပ်(၆)နေရာ၊ စုစုပေါင်းစုရပ် (၃၇) စီစဉ်ဆောင်ရွက် ထားကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မကွေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မကွေးမြို့ပေါ်ရပ်ကွက်များ၊ မီးပွိုင့်လမ်းဆုံ များနှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးရာတွင် မကွေးခရိုင်အတွင်းရှိ မြို့နယ်အလိုက် အသက်(၆၅)နှင့် အထက် ရှိသူများကို ပထမဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ Volunteer / ပရဟိတအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများရှိ ဝန်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်းများနှင့် Super Market နှင့် ဈေးများရှိ ဝန်ထမ်းများ စာရင်းကောက်ယူထားပြီးဖြစ်ရာ ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ကိုအောင်