ရေကြည်မြို့နယ်တွင် အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရေကြည်  ဇူလိုင်   ၃၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံတွင်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရေကြည်မြို့နယ်အနေဖြင့် ကာကွယ်ဆေးအလုံးရေ (၅၀၀) ရရှိ ပြီး စုရပ်(၅)နေရာအနက် ဇူလိုင်လ ၃၀ ရက်နေ့တွင် အသုတ်မြို့ အ-ထ-က ၊ ငါးသိုင်းချောင်းမြို့ အ-ထ-က ၊  ကုန်းပြင်ကျေးရွာ အ-ထ-က နှင့် ကမ်းနီကျေး ရွာ အ-ထ-က တို့တွင် လူဦးရေ (၆၅၀) ဦးထိုးနှံပေးခဲ့ပြီး‌ ရေကြည်မြို့နယ်အတွင်း အသက် (၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ဆေးတစ်လုံးလျှင်(၂)ဦးစီဖြင့် စုစုပေါင်းလူဦးရေ(၁၀၀၀)ဦးအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ရပ်ကွက်၊ကျေးရွာအလိုက်(၁)နာရီလျှင်လူဦးရေ    (၂၀)ဦးနှုန်းဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတွက် အချိန်သတ်မှတ်၍ စတင်ထိုးနှံပေးခဲ့သည်။ ထိုသို့ကာကွယ်ဆေး ထိုးပေး ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွှန့် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး မထိုးမီ အဘိုးအဘွားများအား စာရင်း ရေးသွင်းခြင်း၊ အပူတိုင်းခြင်း၊သွေးပေါင်ချိန်တိုင်းခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိပြီး ဆေးထိုးနှံပြီး ဘိုးဘွားများ ကိုလည်း ရေသန့်(၁)ဘူး၊ ကြက်ဥပြုတ်(၁)လုံးနှင့် Pep နို့မှုန့်တစ်ထုပ်စီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ယခုပထမအကြိမ်ထိုးနှံပြီး (၂၈)ရက်အကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည်ဖြစ်သည်။ မကြာမီ ကာလအတွင်း၌လည်း ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ဆက်လက်တိုးမြှင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

       အောင်သူဟန် (ပြန်/ဆက်)