ရွှေကျင် ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် အဖိုးအဖွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက်၁၀ နာရီအချိန်မှစ၍ (၄)နေရာခွဲကာ ကျေးရွာများအရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စစ်ဗျူဟာ(အခြေချ)(ရွှေကျင်) အမှတ်(၈) တပ်မတော်ဆေးရုံ ကုတင်(၂၅) ဆန့်ဆေးရုံမှ ပါရဂူ သူနာပြုအရာရှိများ၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်းရှိ အသက် ၆၅နှစ်အထက် အဖိုးအဖွား များအား (၁)၊ သရက်ချောင်းကျေးရွာ အခြေခံပညာမူလွန်ကျောင်း (၂)၊ ခြေတော်ရာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (၃)၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး(၄)၊ တောင်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)(ရွှေကျင်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်ဖုန်းအောင် တို့မှ ဆေးထိုးနှံနေမှုများကို ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
ထွန်းထွန်းဇော်