နမ္မတူတွင် အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

 

နမ္မတူ ဇူလိုင် ၃၁

 

နမ္မတူမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ဇူလိုင်လ (၂၉) ရက်နေ့ နေ့လယ် (၁) နာရီအချိန်ခန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားကာကွယ်ဆေးအား တစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် နမ္မတူ မြို့နယ်မြို့ပေါ် နမ္မတူရပ်ကွက် (၇)ခုနှင့်၊ ပန်ဟိုက်ရပ်ကွက် (၁၀)ခုအတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက် မိဘပြည်သူများအား ဦးစားပေးထိုးနှံဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန်ကျေးရွာများတွင်လည်း ဆက်လက်ထိုးနှံ ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မြို့ပေါ်ရပ်ကွက်အတွင်း အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ယနေ့ နံနက် (၈) နာရီအချိန်တွင် ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

 

နမ္မတူမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးပါက ကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းသူများ၊ စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ၊ တည်းခိုခန်းဖွင့်လှစ်ထားသူများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း မှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန်ခြင်း ဆောင်ရွက်ပြီးမှ ကာကွယ်ဆေး ထိုးပေးမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိရပါသည်။

 

လူမော်