ပဲခူး ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁/၂၀၂၁) ကို Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝဘေး အန္တရာယ်သည် မျှော်မှန်း၍မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်မှု လျော့နည်းသက်သာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မိုးရေချိန်များသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သလို မြစ်/ချောင်းဘေး တစ်လျှောက် ကျေးရွာနှင့် မြို့များတည်ထားခြင်းတို့ကြောင့် ရေကြီး ရေလျှံမှုများကို အထိုက်အလျောက် နှစ်စဉ်ခံစားရကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရန်အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပိုမိုဆောင်ရွက်နေသလို ပြည်သူလူထု အတွင်းသို့လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သတင်းအချက်အလက် များ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး လိုအပ်မည်ဖြစ် ကြောင်း၊ မြို့နယ်များတွင် ဆောက်လုပ်ထားသည့် Cyclone Shelter များ ကြိုတင်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင် စေရန် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများလည်း ဆောင်ရွက် ထားရမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလဖြစ်၍ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးစခန်းများ နေရာချထားရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၃၂.၃)သန်းဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ကြခတ်ဝိုင်း ဘုန်းတော်ကြီးကျောင်းအနီး ပဲခူးမြစ် ယာယီကမ်းပြို ကာကွယ်ရေးလုပ်ငန်းသို့ သွားရောက် ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲသွေးအောင်က လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကမ်းပြို ကာကွယ်ရေးလုပ်ငန်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်သည့် လုပ်ငန်း တစ်ခုဖြစ်၍ အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်းမှာလည်း အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန် စံညွှန်း ဒီဇိုင်းများအတိုင်း ဆောင်ရွက်စေလိုကြောင်း၊ ရေရှည် ကမ်းပြိုကာကွယ်နိုင်ရေး ပဲခူးမြစ်အတွက် လိုအပ်သောနေရာများတွင် ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးခြင်း၊ မြစ်ကြမ်းပြင်မြင့်တက်မှုကြောင့် ရေကြီး ရေလျှံခြင်းဖြစ်၍ မြစ်ရေစီဆင်းမှုကောင်းမွန်စေရေး သောင်တူးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
ဝဏ္ဏမောင်