ခမောက်ကြီး ဇူလိုင်၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မိုင်၄၀တွင် ဇူလိုင်လ ၂၉ရက် နေ့ညက မိုးရွာသွန်းမှုများပြီး တောင်ကျရေစီးဆင်းမှုများသဖြင့် ယမန်နေ့ နံနက်ပိုင်း ၀၇;၀၀ နာရီခန့်တွင် ကားလမ်းမကြီး ပိတ်ဆို့မှုဖြစ်ခဲ့သည်။
အဆိုပါ လမ်းပိတ်ဆို့သည့်နေရာသည် ခမောက်ကြီးမြို့နှင့် ၇မိုင်ခန့်အကွာ၊ မိုင်၄၀ (ယုဇနဆီအုန်းကုမ္ပဏီအနီး) မိုင်တိုင်အမှတ် ၁၁၂၇.၅တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် လမ်းမကြီးအောက်ရှိ စီးဆင်းနေသော ရေပြွန်ပြုတ်ထွက် သဖြင့် ရေများ အရှိန်အဟုန်မြင့်တက်လာ၍ ကော့သောင်း-ဘုတ်ပြင်းလမ်းမကြီး ပိတ်ဆို့သွားခဲ့ရာ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားနိုင်သော်လည်း ယာဉ်ကြီးများအတွက် ယာယီရှောင်ကွင်းလမ်းအား မြို့အုပ်ချုပ်ရေးမှူးဦးခိုင်ကိုဦးက ဦးဆောင်၍ မြို့လမ်းဦးစီးမှူး ဦးနိုင်အောင်ဝင်းနှင့် လုပ်သား(၁၅)ဦး၊ စက်ယန္တရားကြီးများဖြင့် အမြန်ဆုံး ပြုပြင်ဆောင်ရွက်ခဲ့သဖြင့် ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။