လွိုင်ကော် ဩဂုတ် ၁၂
ကယားပြည်နယ်အတွင်းရှိ သမဝါယမအသင်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ် သမဝါယမဦးစီးဌာနသည် ချေးငွေထုတ်ချေးပေးထားသော အဖွဲ့ဝင်အသင်းသား တောင်သူများ ၏ စိုက်ခင်းများသို့ ယနေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကယားပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်တင် ခေါင်းဆောင် သော ပြည်နယ်အဆင့် သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှုချေးငွေ လုပ်ငန်း ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များသည် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာရှိ “ကုန်းသာ” သမဝါယမ အသင်း နှင့် ရတနာမြေ သမဝါယမအသင်းတို့မှ အသင်းသားများ၏ စိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူး ဦးမြင့်တင်မှ အဖွဲ့ဝင်အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ အသင်းသား တစ်ဦးချင်း ထားရှိသင့်သည့် သမဝါယမစိတ်ဓါတ်၊ ကျင့်ဝတ်နှင့် အနှစ်သာရများကို ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းသားများမှ တင်ပြလာသည့် ချေးငွေထပ်မံလိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)