မြစ်သား ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားမြို့နှင့် နီးစပ်ရာကျေးရွာများ မီးဘေးကြိုတင် ကာကွယ်နိုင်ရန် မီးသတ်မျှော်စင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ရှမ်းပွဲ ရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် (မင်းကရုဏာရှင်လူမှုကူညီရေးအသင်း) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မင်းကျောင်းပရိယတ္တိစာသင်တိုက်ပဓာန နာယက အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဆရာတော် ဘဒ္ဒန္တဝေဠုရိယ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းတို့က မီးသတ်မျှော်စင်တည်ဆောက်မည့်မြေနေရာအား ပန္နက်တင်မင်္ဂလာ ပြုလုပ်ပေးခဲ့ကြသည်။
မင်းကျောင်းပရိယတ္တိ စာသင်တိုက်ပဓာနနာယက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော် ဘဒ္ဒန္တ ဝေဠုရိယက အဆိုပါ မီးသတ်မျှော်စင်တည်ဆောက်ရန်အတွက် ငွေကျပ် (၂၅) သိန်းမတည်ကာ အမြင့် ၈၀ ပေရှိ မျှော်စင်အားတည်ဆောက်သွား မည်ဖြစ်ကြောင်း၊ မြေနေရာကိုလည်း မီးသတ်ဦ:စီးဌာနသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေ သည့်ကာလအတွင်း လူအများအကျပ်အတည်းဖြစ်နေပြီး တစ်နေ့ထက်တစ်နေ့ ရာသီဥတုပူလာသည့်အတွက် မီးဘေးစိုးရိမ် ရကြောင်း၊ မီးသတ်မျှော်စင်ထားရှိခြင်းဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ လူနေအိမ်များ မီးလောင်မှုသက်သာရေး အတွက်မျှော်တွေးကာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဆရာတော်အနေဖြင့်လည်း သက်တော် (၈၂) နှစ်ရှိပြီဖြစ်သည့်အတွက် မြန်မြန်ဆန်ဆန် ဝိုင်းဝန်းပြီးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် စုစုပေါင်းခန့်မှန်း သိန်း(၈၀)ခန့်ကုန်ကျ မည်ဖြစ်ကြောင်းပြောသည်။
အဆိုပါ မီးသတ်မျှော်စင်ပန္နက်တင်ခြင်းအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)