ပန်းတောင်း ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ပြန်/ဆက် ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေး နှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)