ကောလင်း ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာဖြစ်သော စက်မှုလယ်ယာရုံးအရှေ့နှင့် ကမ္ဘော့ဇဘဏ်(၂)အရှေ့ ရွှေမင်းဝံလမ်းမကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကောလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကောလင်းမြို့နေ ပြည်သူများ၊မြို့အတွင်း ဝင်ထွက်သွား နေကြသည့် ပြည်သူများ၊ စျေးသို့လာရောက်ဝယ်ယူနေကြသည့် ပြည်သူများနှင့် ခရီးသွားပြည်သူများအား Mask နှာခေါင်းစည်းများဝေငှပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကိုပြုလုပ်၍ မိမိကိုယ်ကို ရောဂါကာကွယ်နိုင် စေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲသွားလာခြင်းမပြုကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားကြရန် အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ကောလင်းမြို့နယ်တွင် စုစုပေါင်းပိုးတွေ့လူနာပေါင်း(၉၀)ဦး၊ ဆေးကုသမှုခံယူနေသူ(၈၀)ဦး၊ သေဆုံးလူနာ (၁၀)ဦး ရှိကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)