ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ ၇ ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီး

မောင်တော      ဇူလိုင်    ၂၈

 ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ(၇)ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ၊ ဇူလိုင် ၂၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံလာပြီး  မီးတိုက်ကျေးရွာရှိ နေအိမ်(၅၀)လုံး လူဦးရေ(၁၄၅)ဦး၊ သဲချောင်းကျေးရွာတွင် နေအိမ်(၂၀)လုံး လူဦးရေ(၄၀)ဦး၊၊ သစ်တုံးနားကျေးရွာအုပ်စု ခွဆုံ(စုစည်း)ကျေးရွာတွင် နေအိမ်(၁၀၄)လုံး လူဦးရေ(၁၈၀)ဦး၊၊သစ်တုံးနားကျေးရွာအုပ်စု ၊အိုးထိန်း ကျေးရွာ တွင် နေအိမ်(၇၇)လုံး လူဦးရေ (၅၁၂)ဦး၊ ခမောင်း ဆိပ်မြို့ ၊ အရှေ့ပိုင်းရပ်ကွက်ရှိ နေအိမ် (၁၃)လုံး လူဦးရေ (၆၀)ဦး၊ သက်ကိုင်ညာကျေးရွာတွင် နေအိမ်(၃၂)လုံး လူဦးရေ (၂၁၇)ဦး၊ တမန်းသားကျေးရွာတွင် နေအိမ် (၇၃)လုံး လူဦးရေ(၄၂၃)ဦး တို့အား သက်ဆိုင်ရာတာဝန်ရှိသူများ ကုန်းမြင့်သို့ ယာယီပြောင်းရွေ့ ပေးခဲ့ပြီး လူ /တိရစာ္ဆန် သေဆုံး၊ ပျောက်ဆုံးမှု မရှိကြောင်း  သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြိမ်ချောင်း-ဗန္ဓုလ ကားလမ်းမပေါ်ရှိ တမန်းသားကျေးရွာအုပ်စု တမန်းသားတံတား အလျား(၇၀)ပေ၊အနံ(၁၂)ပေ၊ ကွန်ကရစ်တိုင် ၊သစ်သားတံတားတစ်စင်း၊ ရဲအောင်စံရဖွေကျေးရွာအုပ်စု ၊မာဇီးကျေးရွာအနီးရှိ ၊မာဇီးတံတား အလျား (၂၀၀)ပေ၊ အနံ(၁၂)၊ ကွန်ကရစ်တိုင်၊ သစ်သားတံတား စုစုပေါင်း တံတား နှစ်စင်း ရေထဲမျှောပါ ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံးပြုပြင်နိုင်ရန် သက်ဆိုင်ရာမှစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး  ခရိုင် (ပြန်/ဆက်)