မကွေး ဇူလိုင် ၂၈
မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေးများ ထိုးပေးနိုင်ရေးအတွက် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မကွေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မကြာမီရောက်ရှိမှာဖြစ်ပြီး ဆေးရောက်ရှိပါက ဆေးထိုးရန်ကျန်ရှိနေတဲ့သူများကို အချိန်နှင့်တစ်ပြေးညီ ဆေးထိုးပေးနိုင်ရေး စာရင်းများ ကြိုတင်ပြုစုထားရန်နှင့် ပြည်သူများကျန်ရှိမှုမရှိစေရေး ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများမှတာဝန်ရှိသူအားလုံးပူးပေါင်းပါဝင်၍ စာရင်းကောက်ယူပေးရန် လိုအပ်ကြောင်းနှင့်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေးပြီး တက်ရောက်လာ သူများမှလည်း ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆေးထိုးရာတွင် "မကွေးခရိုင်အတွင်းရှိ မြို့နယ်အလိုက် အသက်(၆၅)နှင့်အထက်ရှိသူများကို ပထမဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ Volunteer / ပရဟိတအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများရှိ ဝန်ထမ်းများ၊ စားသောက်ဆိုင် ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်းများနှင့် Super Market နှင့်ဈေးများရှိ ဝန်ထမ်းများကို ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများကို ကာကွယ်ဆေးထိုးနှံပေး မည်မဟုတ်ဘဲ (၁)လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူ များကို (၁)လကျော်မှသာ စာရင်းပေးသွင်းပြီး ကာကွယ် ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံး (၁၀၀၀၀၀) ရောက်ရှိမည်ဖြစ်ရာ ကာကွယ်ဆေးထိုး ရာတွင် ပြည်သူများလွယ်လင့်တကူထိုးနိုင်ရေးအတွက် မကွေးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီး ဌာန(၁)နေရာ၊ မကွေးမြို့နယ် စုပေါင်းရုံးတွင် (၂)နေရာ၊ တိုင်းဒေသကြီးအမျိုး သမီးရေးရာ အဖွဲ့ရုံးတွင်(၁)နေရာနှင့် အ.ထ.က(၃) ကျောင်းတွင်(၁)နေရာ စုစုပေါင်း (၅) နေရာ စီစဉ်ဆောင်ရွက်ထားပြီး ခရိုင်အတွင်းရှိ ကျန်မြို့နယ်များတွင် အနည်းနေရာ(၃)နေရာစီ စီစဉ်ဆောင်ရွက်ထားရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများ အမြန်ထိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုအောင်