လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်ကျချောင်းရေကြောင့် ရေကြီး နစ်မြုပ်မှု ဖြစ်ပွား

လေးမျက်နှာ ဇူလှိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တွင်  သဲနုကုန်းအုပ်စု  ကျားကိုက် ကျေးရွာနှင့်  စောပြာကျေးရွာတို့တွင်  တောင်ကျချောင်းရေကြောင့်  ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။

ယမန်နေ့ ၁၀ နာရီခန့်တွင်  တောင်ကျချောင်းရေကြောင့်  ရေကြီးနစ်မြုပ်၍  ကျားကိုက် ကျေးရွာတွင်  အိမ်ထောင်စု(၂၆)စု  လူဦးရေ(၁၀၆)ဦး၊  စောပြာကျေးရွာတွင်  အိမ်ထောင်စု(၁၃)စု  လူဦးရေ(၄၁)ဦးတို့အား  ကျားကိုက်ဘုန်းတော်ကြီးကျောင်းနှင့်  စောပြာလမ်းဘေးရှိ  ဂိုဒေါင်အလွတ်များတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏  ကြီးကြပ်မှုဖြင့်  ရေဝင်နစ်မြုပ်သည့်  အိမ်ထောင်စုများအတွက်  နေထိုင်စားသောက်ရေး  စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့်  လူ၊ တိရိစ္ဆာန်၊ အဆောက်အဦး  ထိခိုက်ဒဏ်ရာရ၊ သေဆုံး၊  ပျက်စီးဆုံးရှုံးမှု မရှိကြောင်း  သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)