မော်လမြိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့၍ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ရပ်ကွက်အချို့ရှိ ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပေး

မော်လမြိုင်      ဇူလိုင်      ၂၈

မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်တွင်  မိုးသည်းထန်စွာ  ရွာသွန်းခဲ့မှုကြောင့်  မြို့ပေါ်ရပ်ကွက် အချို့နေအိမ်များအား ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့်အိမ်ထောင်စုများအတွက် နေထိုင်စားသောက်ရေးအဆင်ပြေစေရန်   ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့်   ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၏လမ်းညွှန်မှုများဖြင့် နေရာ(၈)ခုတို့၌ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထား ပြီးဖြစ်ကြောင်းသိရသည်။

 မော်လမြိုင်မြို့နယ်တွင်  ဇူလိုင်၂၆ရက် နံနက်ပိုင်းကစတင်၍  ဖြစ်ပွားခဲ့သည့်   ရပ်ကွက်အချို့ လမ်းရေကျော်မှုများနှင့်  နေအိမ်အတွင်းရေဝင်ရောက်မှုများကြောင့်   ယာယီရေဘေးရှောင်စခန်းများ ဖြစ်သည့်ဇေယျာသီရိရပ်ကွက်ရုံးCyclone Shelter၌အိမ်ထောင်စု(၂၁)စုလူဦးရေ(၈၂)ဦး၊ဇေယျာ(၃) လူမှုရေးစင်တာ၌  အိမ်ထောင်စု(၂၂)စု၊  လူဦးရေ(၆၈)ဦး၊  ရွှေမြိုင်သီရိရပ်ကွက် ဘုန်ကြီးကျောင်း၌ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၅)ဦး၊  လှိုင်ရပ်ကွက်  အေးသာယာမူလွန်(၃)၌  အိမ်ထောင်စု(၁၀)စု လူဦးရေ(၆၀)ဦး၊သီရီမြိုင်ရပ်ကွက်ဓမ္မာရုံ၌ အိမ်ထောင်စု(၉)စု၊လူဦးရေ(၃၆)ဦး၊ ဇေယျာမြိုင်ရပ်ကွက် အ-မ-က(၁)၌ အိမ်ထောင်စု(၁၅)စု၊  လူဦးရေ(၆၀)ဦး၊  ဈေးကြိုရပ်တောင်ဝိုင်းဓမ္မာရုံ၌  အိမ်ထောင်စု (၄၁)လူဦးရေ(၁၅၈)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စခန်းနေရာ အသီးသီးသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ  ရေဘေးသင့် အိမ်ထောင်စုများအတွက်  နေထိုင်စားသောက်ရေး  အဆင်ပြေစေရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊   ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်   စေတနာရှင်ပြည်သူများ ပူးပေါင်း၍ လိုအပ်သည့်စားနပ်ရိက္ခာများ ကူညီထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)