ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၌ တစ်ရက် ၄၀လီတာဆံ့ အောက်ဆီဂျင်အိုးကြီးအလုံး၂၀၀ ထုတ်လုပ်နိုင်မည့်စက်ရုံ၏ အဆောက်အအုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲကျင်းပ

ပြည်  ဇူလိုင်  ၂၈

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်‌ရေးကောင်စီ၏ စီမံဆောင်ဆောင်ရွက်မှုဖြင့် ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၌ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးကြီး အလုံး၂၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်‌မည်ဖြစ်ရာ အဆိုပါ စက်ရုံတည်ဆောက်ရာတွင် လိုအပ်သည့်အဆောက်အအုံ‌ ကြိုတင်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခုတင်၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက် ကြသည်။

အလှူငွေပေးအပ်ပွဲတွင် ပြည်မြို့ ဦးစိန်ခို  တိုင်းရင်းဆေးတိုက်မိသားစု၏ လှူဒါန်းငွေ ကျပ်သိန်း၃၀ အပါအဝင် ပုဂ္ဂလိကဆေးရုံများနှင့် စေတနာရှင် အလှူရှင်များက စုစုပေါင်းအလှူငွေကျပ် ၇၈ သိန်းပေးအပ်လှူဒါန်းရာ တာဝန်ရှိ သူများက လက်ခံ၍ ဂုဏ်ပြုမှတမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါစက်ရုံအတွက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး‌ကောင်းစီ ဥက္ကဋ္ဌ ၏ စီမံမှု‌ ဆောင်ရွက်မှုဖြင့် နေ့စဉ် အောက်ဆီဂျင် ၄၀ လီတာဆံ့အိုးကြီးအလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် စက်ပစ္စည်းများ ဩဂုတ်လဒုတိယပတ်တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ ယင်းစက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်သည့် ခန့်မှန်းငွေ ကျပ်သိန်း၃၀၀ ခန့်ကုန်ကျမည့် အလျားပေ ၆၀နှင့်အနံပေ ၃၀ ရှိ Steel Structure အဆောက်အအုံ‌ ကြိုတင်ဆောက်လုပ်ရန်အတွက် ယနေ့အလှူငွေပေးအပ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်ဆေးရုံကြီးတွင် လက်ရှိကိုဗစ်-၁၉ပိုးတွေ့လူနာ ၂၀၀နှင့် ၃၀၀အကြားရှိနေပြီး အောက်ဆီဂျင်ရှုနေရတဲ့ လူနာအရေအတွက် ၁၀၀ကျော် ရှိနေကြောင်း၊ ၎င်းတို့ကို ပြည်ဆေးရုံကြီးတွင်လက်ရှိ တစ်နေ့ ၄၀လီတာဆံ့ အောက်ဆီဂျင်အလုံး၅၀ကျော် ထွက်ရှိတဲ့စက်ရုံနှင့် ပြည်နဝဒေးစက်မှုဇုံရှိ "နိုင် "အောက်ဆီဂျင်စက်ရုံမှထွက်ရှိတဲ့ အောက်ဆီဂျင်များဖြင့်  ဆောင်ရွက်ပေးလျက် ရှိကာ မလုံလောက်သဖြင့် တပ်မတော်စက်ရုံကထွက်ရှိတဲ့ အောက်ဆီဂျင်တွေကို အကူအညီတောင်းခံပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်မြို့တွင် ယခု အောက်ဆီဂျင် ၄၀လီတာဆံ့အလုံး၂၀၀ကျော်ထွက်ရှိမည့် စက်ရုံ တည်ဆောက်ခြင်းအားဖြင့် ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်နှင့်ပန်းတောင်း အစရှိသော လေးမြို့နယ်အတွက် အောက်ဆီဂျင်လုံလောက်မှုရှိလာမှာဖြစ်ကြောင်း၊ အလားတူ

နတ်တလင်းမြို့၌လည်း အောက်ဆီဂျင်အိုးကြီး အလုံး၂၀၀ ထွက်ရှိမည့်စက်ရုံ တစ်ပြိုင်တည်း တည်ဆောက်မှာဖြစ်သည့်အတွက် သဲကုန်း၊ ပေါင်းတည်နှင့် နတ်တလင်းမြို့နယ်တို့အတွက်လည်း အောက်ဆီဂျင်လိုအပ်ချက် အဆင်ပြေသွားမှာ ဖြစ်ကြောင်းနှင့် သာယာဝတီမြို့တွင်လည်း အောက်ဆီဂျင်အိုးကြီး အလုံး၂၅၀ ထွက်မည့် စက်ရုံတည်ဆောက်မည်ဖြစ်၍ ပဲခူးတိုင်းအနောက်ခြမ်းအတွက် အောက်ဆီဂျင် လုံလောက်စွာအသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ ဒါ့အပြင် ပဲခူးမြို့ ၌လည်း လက်ရှိ အလုံး ၅၀ ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး ဖြစ်ကာ နောက်ထပ် အလုံး ၂၅၀ ထွက်မည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်း၊ ဆက်လက်ပြီး ပဲခူးအရှေ့ခြမ်းရှိ မြို့နယ်များတွင်လည်း အောက်ဆီဂျင်စက်ရုံ (၃)ခု တစ်ပြိုင်တည်းတည်ဆောက်မှာဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ယခုဩဂုတ်လကုန်လောက်တွင် ကိုဗစ်-၁၉လူနာများ အတွက် အောက်ဆီဂျင် လုံလောက်စွာ ဖြန့်ဝေပေးနိုင်မှာဖြစ်ကြောင်း ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။

ကိုဆက်