ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။   ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ များနှင့် သံသယရှိသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်ပေး နေတယ်ဆိုတာသိပါရစေ။

ဖြေ။    ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ထိတွေ့ခဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ရောဂါလက္ခဏာရှိ တယ်လို့ သံသယရှိတဲ့လူတွေအနေနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနတွေအပြင် မြို့နယ်အလိုက် ဖွင့်လှစ်ထားတဲ့ Fever Clinic တွေမှာ လိုအပ်တဲ့ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုတွေ လုပ်ပေးပါတယ်။ အဆိုပါ နေရာများတွင် လူနာများအနေဖြင့် သွားရောက်ပြသရမှာဖြစ်ပြီး လာရောက်ပြသတဲ့အခါမှာ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ လိုအပ်သောကျန်းမာရေး စစ်ဆေးမှုတွေလုပ်ပေးပါတယ်။ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးတဲ့ Mobile Swab Van နဲ့လည်း လှည့်လည်ပြီး ရပ်ကွက် အတွင်း ရောဂါကူးစက်မှုဖြစ်ပွားတဲ့ ရပ်ကွက်တွေ လမ်းတွေကို သွားရောက်ပြီး စစ်ဆေးပေးပါတယ်။ ကိုဗစ်-၁၉ လူနာများကို လူနာနှင့်သင့်လျော်သော ဆေးရုံ၊ ကုသရေးစင်တာ၊ CBFQ များစတဲ့ နေရာတွေကို ပို့၍ကုသပေးပါတယ်။ ပိုးတွေ့လူနာများကို နှစ်ပိုင်းခွဲပြီး ဆေးရုံနှင့် ကုသရေးစင်တာများတွင် ကုသ ပေးပါတယ်။ ပထမအုပ်စုဖြစ်သည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ၎င်းလူနာများ၌ နှလုံး၊ သွေးတိုး၊ ဆီးချိုစသော ရောဂါအခံရှိပါက ပြည်သူ့ဆေးရုံများတွင် ကုသပေးလျက်ရှိပါတယ်။ ဒုတိယအုပ်စုဖြစ်သည့် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး အခြားရောဂါအခံမရှိသူများအား ကုသရေးစင်တာများတွင် ကုသပေး လျက်ရှိပါတယ်။ စစ်ဆေးလို့ ပိုးမတွေ့ (Negative)ဖြစ်တယ်ဆိုရင် အိမ်မှာမိသားစုနဲ့ ခပ်ခွာခွာနေစေပြီး ရောဂါလက္ခဏာကို ဆက်လက် စောင့်ကြည့်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများနှင့် သံသယရှိသူများကို မြို့နယ်များတွင် ကိုဗစ်-၁၉ ကော်မတီ များကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထားတဲ့ Quarantine Center ၊ Hotel Quarantine နှင့် CBFQ များမှာ ထားရှိပြီး (၃)ရက်မြောက်သောနေ့တွင် ပထမအကြိမ် RTD Test Kit ဖြင့်လည်းကောင်း၊ (၇)ရက်မြောက် သောနေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာများရယူစစ်ဆေးပြီး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံများနှင့်ခ ကုသရေးစင်တာများသို့ ပို့ဆောင်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။

မေး။   ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ ခဲ့သူများ ထားရှိဖို့ Quarantine Center များ ဘယ်လောက်အထိ စီစဉ်ဆောင်ရွက်ထားရှိပါသလဲ။ အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့သူများ၏ စားသောက်ရေးအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်ထားတယ်ဆိုတာကိုလည်း သိပါရစေ။

ဖြေ။    Quarantine Center များအနေဖြင့် ပဲခူးခရိုင်မှာ(၇၃၂၆)ဦးဆန့် Quarantine Center (၁၃၁)ခု၊ သာယာဝတီခရိုင်မှာ (၃၃၈၂)ဦးဆန့် Quarantine Center (၇၆) ခု၊ပြည်ခရိုင်မှာ (၃၈၉၅)ဦး ဆန့် Quarantine Center (၁၁၅)ခု၊ တောင်ငူခရိုင်မှာ (၃၀၈၂)ဦးဆန့် Quarantine Center  (၇၂)ခု စီစဉ် ထားရှိပြီး၊ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် Contect Person စုစုပေါင်း (၁၇၆၈၅)ဦး ထားရှိနိုင်တဲ့ Quarantine Center (၃၉၄)ခုအား ပြင်ဆင်ထားရှိပြီး ယခုလောလော ဆယ်တွင် (၆၄၄၂)ဦး လက်ခံ ထားရှိပြီးဖြစ်သည့်အတွက် နောက်ထပ် (၁၁၂၅၄) ဦး လက်ခံထားရှိ နိုင်ဖို့အသင့်ရှိပါတယ်။ Contect Person များကို ဇူလိုင်လ ၁၂ ရက်နေ့အထိ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျွေးမွေး ထားရှိပြီး နောက်ပိုင်းတွင် မြို့နယ်အလိုက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များ၏ စည်းရုံး စီမံဆောင်ရွက်မှုဖြင့် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် နံနက်စာ၊ နေ့လည်စာ၊ ညစာ တစ်နေ့ (၃)ကြိမ် စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးပါတယ်။

မေး။   ကိုဗစ်-၁၉ ဆက်လက်ပြန့်ပွားကူးစက်မှုတွေ တိုးပွားလာမှုမရှိစေရေးအတွက် တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အစီအမံများကို သိပါရစေ။

ဖြေ။    ကိုဗစ်-၁၉ ဆက်လက်မပြန့်ပွားစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လိုက်နာရန် ညွှန်ကြားချက်များ (SOP)များကို တိတိကျကျလိုက်နာဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌ ပြည်သူလူထု အတွင်း အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါအကြောင်းကြိုတင် ကာကွယ်ရေးတွင် အဓိကကျသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို မြို့နယ်များတွင် Bill Board များ စိုက်ထူ၍ အသိပေးကြေညာခြင်း၊ မလိုအပ်ဘဲအပြင်မထွက်ဘဲ အိမ်တွင်နေထိုင်ရန်၊ အပြင်ထွက်မည် ဆိုပါက Mask တပ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင်ဆေးကြောရန် ဒီအချက်(၄)ချက်ကို တိတိကျကျလိုက်နာနိုင်ရေး ပြည်သူလူထိုကို နည်းလမ်း ပေါင်းစုံဖြင့် အသိပေးဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် Volunteer များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများဖြစ်တဲ့ အရန်မီးသတ်၊ ကြက်ခြေနီအဖွဲ့များ ပူးပေါင်းပါဝင်တဲ့အဖွဲ့များဖြင့် Mask Campaing များပြုလုပ်ကာ Maskများဝေငှခြင်း၊ ဈေးများအတွင်း ဈေးသည်များ Mask တပ်ဆင်ရောင်းချစေခြင်း၊ Mask မတပ်သော ဈေးသည်များအား စိစစ်အရေးယူခြင်း၊ Mask မတပ်ထားသောဈေးသည်များထံမှ ဈေးမဝယ်ရန်နှင့် Mask မတပ်ထားသော ဈေးဝယ်သူများအား ဈေးရောင်းချခြင်းမပြုစေရန်အတွက် အသိပေးဆောင်ရွက် လျက်ရှိပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှုများသော မြို့နယ်(၁၃)မြို့နယ်ကို Stay at Home ကြေညာပြီး နေ့စဉ်မရှိမဖြစ်လိုအပ်သော စားသောက်ကုန်နှင့် ဆေးဆိုင်များမှအပ ကျန်ဈေးဆိုင်များဖွင့်လှစ် ရောင်းချခွင့်မပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်း၊ ဈေးများ၊ ကုန်ခြောက်၊ ဟင်းသီး ဟင်းရွက် သားငါးဈေးများအား နံနက်(၆) နာရီမှ နံနက်(၁၀)နာရီအထိသာ ဖွင့်လှစ်ရောင်းချစေခြင်း၊ ဈေးဆိုင်များ အား တစ်ဆိုင်နှင့်တစ်ဆိုင် (၆)ပေခွာ၍ ရောင်းချစေရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။

မော်တော်ယာဉ်လိုင်းများနဲ့ စက်ရုံများမှ ကြိုပို့ယာဉ်များအား တစ်ခုံလျှင်တစ်ယောက်သာ တင်ဆောင်စေရေး စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်ခြင်း၊ Stay at Home သတ်မှတ် ထားသောမြို့နယ်များတွင် ဈေးဝယ်ကတ်(၁)ကတ်စီကို ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ စိစစ်ထုတ်ပေးခြင်း၊ မြို့နယ်များတွင် မြို့တွင်းရပ်ကွက်များ စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်း၊ ရပ်ကွက်အလိုက် လမ်းအလိုက် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ အရေးကြီးအကြောင်း ကိစ္စမရှိဘဲ ပြင်ပ သွားလာမှုမရှိစေရန် အသွားအလာကန့်သတ်ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး။   ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်း Oxygen ပြတ်လပ်မှုမရှိဘဲ အလုံအလောက်ရရှိအောင်ဘယ်လို အစီအစဉ်များဖြင့် ဆောင်ရွက်ပေးနေတယ်ဆိုတာ သိပါရစေ။

ဖြေ။    Oxygen ပြတ်လပ်မှုမရှိဘဲ အလုံအလောက်ရရှိဖို့အတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်ကြီးကြပ်ပြီး ပထမအကြိမ် Oxygen  အိုး(၁၀၀၀)လုံးကို မှာယူ ထားရှိပြီး မကြာမီရောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိရင်း Oxygen  အိုး(၉၆၄)အိုးဖြစ်ပြီး၊ ထပ်မံဝယ်ယူဖြည့်တင်းအိုး (၁၅၅၀)လုံး ဖြစ်တဲ့အတွက် စုစုပေါင်း (၂၅၁၄)လုံးဖြင့် လည်ပတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် မြို့နယ်အလိုက် Oxygen  လိုအပ်ချက်အပေါ် တွက်ချက်ပြီး  ထပ်မံဝယ်ယူရေးအတွက်  Oxygen   အိုး (၁၆၀၀)မှာယူထားပြီး ဖြစ်ပါတယ်။

လက်ရှိ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ Oxygen  ထွက်ရှိ / ရရှိတဲ့နေရာတွေကတော့ ပဲခူးပြည်သူ့ ဆေးရုံကြီးမှာ တစ်နေ့ကို ၄၀လီတာအိုး(၂၀)လုံးခန့်၊ ကလိဆေးရုံကြီးတွင် ၄၀လီတာအိုး (၂၀)လုံးခန့်၊ ပြည်ဆေးရုံမှ တစ်နေ့ ၄၀လီတာအိုး (၅၀)လုံးခန့်၊ ကပစ-၆ (ပြည်)စက်ရုံမှ တစ်နေ့ကို ၄၀လီတာအိုး (၆၀)လုံးခန့်၊ နိုင်မြန်မာ Oxygen စက်ရုံမှ တစ်ကို  ၄၀လီတာအိုး(၂၁၀)လုံးခန့်နှင့် ဖြူး မြို့ဆေးရုံတွင် ၄၀လီတာအိုး(၄၀)လုံးခန့်၊ စုစုပေါင်း(၄၉၀)လုံးခန့်ရရှိပြီး ၎င်း Oxygen အိုးများကို တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ၏ စီမံကြီးကြပ်မှုဖြင့် နေ့စဉ်သွားရောက်ဖြည့်တင်း သယ်ဆောင်ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်များသို့ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိပါတယ်။

မေး။   အောက်ဆီဂျင်လိုအပ်ချက်များပြားစွာဖြစ်ပေါ်နေသည့်အပေါ် လက်ရှိမှာ ဘာတွေကို ဆောင်ရွက်ထားပြီး ဘာတွေကို ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်တွေရှိပါသလဲ။ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၄)ခရိုင်အတွက် မျှတလုံလောက်သော အောက်ဆီဂျင်ပမာဏ လုံလောက်အောင် စီစဉ်နိုင်ပါ့မလား။

ဖြေ။    ပဲခူးဆေးရုံကြီးမှာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် ဝယ်ယူထား သော တစ်နေ့ကို ၄၀လီတာအိုး (၅၀)လုံးကျော်ထွက်ရှိသော ဆေးရုံသုံး Oxygen Plant (၁)လုံးကို (၁၇-၇-၂၀၂၁) ရက်နေ့တွင်တပ်ဆင်ထားပြီးဖြစ်တဲ့အတွက် စတင်လည်ပတ်ထုတ်လုပ်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီး ဌာနအစီအစဉ်ဖြင့် Liquid Oxygen တန်(၃၀)ဆန့် Oxygen စက်ရုံ(၁)လုံး တပ်ဆင်နိုင်ရေးဆောင်ရွက် လျက်ရှိပါတယ်။ သာယာဝတီဆေးရုံတွင်လည်း တစ်နေ့လျင် ၄၀လီတာအိုး (၅၀)  လုံးကျထုတ်လုပ် နိုင်သော Oxygen Plant (၁)လုံးတို့ကို ဇူလိုင်လကုန်တွင် တပ်ဆင်ပြီး စတင်လည်ပတ် ထုတ်လုပ် နိုင်တော့မှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် ဝယ်ယူထားသည့် စက်(၁)လုံးလျှင် တစ်နေ့ လီတာ ၄၀အိုး(၂၅၀)နှင့်(၃၀၀)ကြား ထွက်ရှိမည့် Oxygen Plant (၂)လုံးလည်း မကြာမီ ရောက်ရှိလာမှာဖြစ်ပြီး ပဲခူးဆေးရုံနှင့် သာယာဝတီဆေးရုံများတွင် တပ်ဆင်သွားမှာဖြစ်သည့်အပြင် စက်တစ်လုံး လျှင် တစ်နေ့ လီတာ၄၀ အိုး(၁၅၀)လုံးခန့် ထွက်ရှိသော Oxygen Plant (၁၀)လုံးကိုလည်း ထပ်မံမှာယူထားပြီးဖြစ်တဲ့အတွက် သြဂုတ်လအတွင်းမှာ ရောက်ရှိတပ်ဆင်ပြီး စတင်ထုတ်လုပ်နိုင်တော့ မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းစက်များအားလုံး တပ်ဆင်ပြီးစီးသည့် ဩဂုတ်လကုန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်း လိုအပ်သော Oxygenကို တိုင်းဒေသကြီးအတွင်း ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် Oxygen Flow Meter (၁၅၀၀)လုံး၊ Oxygen Mask (၃၀၀၀)ခု၊ Oxygen Concentractor (၂၇၀)လုံး တို့ကိုလည်း ပြည်သူ့ဆေးရုံးများသို့ ဖြန့်ဝေပေးရန်အတွက် ဝယ်ယူထားပြီး ဖြစ်ပါတယ်။

တောင်ငူ၊ ဖြူး၊ လက်ပံတန်း၊ ရေတာရှည်၊ အုတ်တွင်း၊ ကျောက်ကြီး၊ သာယာဝတီ၊ အုတ်ဖို၊ မိုးညို၊ ကြို့ပင်ကောက်နှင့် ဇီးကုန်းမြို့နယ်တွေမှာလည်း စေတနာရှင် အလှူရှင်များ၊ မြို့မိ/မြို့ဖများ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံများတွင် Oxygen Plant များ ဝယ်ယူတပ်ဆင်နိုင်ရေး ဆောင်ရွက်နေ ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်းတွင် တိုင်းဒေသ ကြီးအတွင်းမှာပင်ထွက်ရှိသော အောက်ဆီဂျင်ဖြင့် ခရိုင်လေးခရိုင်အတွက် Oxygenလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ပါတယ်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံ တိုင်းတွင် Oxygen Plant များတပ်ဆင်နိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး စေတနာရှင်၊ အလှူရှင် များကို စည်းရုံးဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်များတွင် Oxygen Plant များတပ်ဆင်ပြီးပါက အလွယ်တကူနှင့် စနစ်တကျသုံးစွဲနိုင်ရန်အတွက်လည်း ယခု ကတည်းက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် မြို့နယ်ဆေးရုံများအားလုံးကို Oxygen ပိုက်လိုင်းများ ကြိုတင်တပ်ဆင်ပေးထားပြီး ဖြစ်ပါတယ်။

မေး။   CDM ကျန်းမာရေးဝန်ထမ်းများကြောင့် ဆရာဝန်/ ဆရာမ လိုအပ်ချက်ရှိတဲ့ ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းအင်အား ပြန်လည်ဖြည့်ဆည်းပေးဖို့ ဘယ်လိုစီစဉ်ထားရှိပါလဲ၊ အချို့တိုင်းနှင့် ပြည်နယ်များရှိ ဆေးရုံတွေမှာ လူနာကို လက်မခံဘူး၊ မောင်းထုတ်တယ်လို့ လူမှုကွန်ယက်တွေမှာ သက်သေတွေ၊ ဖြစ်စဉ်တွေနဲ့ တင်နေတာတွေ့ရပါတယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း အဆိုပါ ဖြစ်စဉ်မျိုးမဖြစ်အောင် ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ဆွဲထားပါသလဲ။

ဖြေ။    CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများကြောင့် ဆေးရုံများတွင် အင်အားနည်းပါးပြီး ၎င်းနေရာများသို့ ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် တပ်မတော်ဆေးအဖွဲ့အား အကူအညီတောင်းခံ၍ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အခြားဒေသများမှ ကျွမ်းကျင်ပညာရှင်များ၊ သူနာပြုဆရာမများ၊ သားဖွားဆရာမများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ကြီးကြပ် (၂)၊ ကြီးကြပ် (၁)၊ ကျန်းမာရေးမှူး များကိုလည်း ဆေးရုံများတွင် ကူညီနိုင်ရန်ဆောင်ရွက်လျက်ရှိပါတယ်။ ပြင်ပမှ Volunteer များကိုလည်း လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်စေလျက်ရှိပါတယ်။ ဆေးရုံများတွင် လူနာ များပြည့်လာပါက မြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းများ၊ အားကစားရုံ၊ မြို့နယ်ခန်းများ စသည့်အဆောက်အဦများကို အရေးပေါ်ကုသရေးစင်တာအဖြစ်ဆောင်ရွက်ထားရှိပါတယ်။

မေး။   ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေပေမယ့် ပြည်သူအများစု က စည်းကမ်းတချို့ကို လိုက်နာမှုအားနည်းနေတာတွေ့ရှိရပါတယ်။ လူတိုင်းစည်းကမ်းလိုက်နာအောင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ သိပါရစေ။

ဖြေ။    လူအများစုကတော့ စည်းကမ်းလိုက်နာကြသလောက် တချို့ကတော့ စည်းကမ်းလိုက်နာမှု အားနည်းတာတွေရှိပါတယ်။ ဒါကြောင့် ဒီရောဂါကို ပြည်သူအားလုံး ပူးပေါင်းပါဝင်မှ အောင်မြင်စွာ တိုက်ထုတ်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူအားလုံးပါဝင်ဖို့လိုပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာဖို့လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာရမည့် စည်းကမ်း ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် မြို့မရွာအနှံ့ အသိပေးကြေညာထားပြီးဖြစ်ပါတယ်။ ဒီစည်းကမ်းချက် တွေကို အခုမှစတာမဟုတ်ပါဘူး COVID First Wave, Second Wave တုန်းကတလည်း အသိပေးခြင်း၊ ကြေငြာခြင်း၊ ပညာပေးခြင်းတို့ကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အပြင် ယခု Third Wave မှာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ သို့သော်လည်း ပြည်သူ များစုက စည်းကမ်းလိုက်နာမှု အားနည်းတဲ့အတွက် ပထမအဆင့်အနေနဲ့ ပညာပေးခြင်း၊ သတိပေး ခြင်း များဆောင်ရွက်လျက်ရှိပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ပျက်ကွက်ရင်တော့ ဒဏ်ရိုက်အရေး ယူခြင်း၊ သဘာဝဘေးဥပဒေနဲ့အညီ အမှုဖွင့်အရေးယူခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူ ကို ပြည်သူအချင်းချင်း သတိပေးခြင်း၊ အသိပေးခြင်းတို့ ဆောင်ရွက်ရန်အတွက်လည်း စည်းရုံးဆောင် ရွက်သွားမှာဖြစ်ပါတယ်။

မေး။   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ရပ်ကျေးများအလိုက် Quarantine Center များကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘယ်လိုပံ့ပိုးမှုတွေ ပြုလုပ်နေပါသလည်း၊ ကာကွယ် ဆေးထိုးနှံဖို့ကိစ္စနှင့်ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။

ဖြေ။    ခရိုင်/မြို့နယ်များမှာရှိတဲ့ Quarantine Center များကို ပြင်ဆင်နိုင်ရေးအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်များကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ခွင့်ပြုဆောင်ရွက်ပေးသည့်အပြင် Quarantine Center များတွင် ဆောင်ရွက်နေသည့် Volunteer များကို စားသောက်စရိတ်အတွက် တစ်နေ့လျှင် (၄၀၀၀)နှုန်းထောက်ပံ့ပေးလျက်ရှိသည့်အပြင် လိုအပ်သောကျန်းမာရေးသုံး၊ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Mask, PPE, လက်အိတ်၊ အရက်ပျံ၊ Hand Gel, Face Shieldတို့ကို ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါတယ်။

ကာကွယ်ဆေးထိုးနှံဖို့အတွက် ကာကွယ်ဆေးများခွဲဝေရရှိပြီးပါက ပြည်သူအများစုနှင့်ထိတွေ့ ဆက်ဆံရသည့် ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ၊ အသက် ရွယ်ကြီးရင့်သူများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးသွားမှာဖြစ်ပြီး ပြည်သူလူထုကိုလည်း အုပ်စုအလိုက် ရွေးချယ်ပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမည့် လူစာရင်းများကိုလည်း ကြိုတင်စာရင်းပြုစုပြီးဖြစ်ပါတယ်။

မေး။   ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် Volunteer များကို ဖိတ်ခေါ်ပြီး ဆောင်ရွက်မှုတွေ ရှိပါသလား။ သူတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေရော ပြုလုပ်ပေးပါသလား ဆိုတာ သိပါရစေ။

ဖြေ။    ကိုဗစ်-၁၉ ကာကွယ်ရေးကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ လူ့စွမ်းအားအရင်းအမြစ် တွေ အများကြီးလိုပါတယ်။ အထူးသဖြင့် ပြည်သူတွေပူးပေါင်းပါဝင်ဖို့ကလိုပါတယ်။ အားလုံးတက်ညီ လက်ညီပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ။ ကုသရေးအပိုင်းတွင်လည်း ယခုဆေးရုံတွေမှာ ကျန်းမာ ရေးဝန်ထမ်းများ ရာနှုန်းပြည့်မဟုတ်ဘဲ ရှိတဲ့အင်အားနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဆေးရုံမှာ လူနာများလာသည်နှင့်အမျှ ကျန်းမာရေးဝန်ထမ်းတွေမှာ ဝန်ပိလာတာတွေရှိပေမယ့် ကြိုးစားပမ်းစား ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ထမ်းများ နည်းပါးနေတဲ့အတွက် စေတနာ့ဝန်ထမ်းတွေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေလိုအပ်ပါတယ်။ မည်သူမဆိုတက်နိုင်တဲ့နေရာက ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ လက်ရှိအနေဖြင့်လည်း မြို့နယ်တွေမှာ ပြင်ပဆရာဝန် တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ကုသရေးပိုင်မှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ထို့အပြင် မိမိတာဝန်ကျရာနေရာမှ အခြားမြို့နယ်များသို့သွားရောက် အားဖြည့်ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါပိုးကူးစက်ခံရတဲ့ကျန်းမာရေးဝန်ထမ်းများကို တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကာကွယ်ရေးပိုင်းအနေနဲ့ "မိမိကစကာကွယ်ပါ"ဆိုတဲ့အတိုင်း ကိုယ့်ကိုကိုယ်စပြီး ရောဂါမကူး စက်မပြန့်ပွားအောင် ကာကွယ်လိုက်ကတည်းက ကာကွယ်ရေးလုပ်ငန်းစဉ်မှာပါဝင်ပြီး ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ကာကွယ်ပါ၊ ကိုယ့်မိသားစုကို ကာကွယ်ပါ၊ လူတိုင်းလူတိုင်း မိသားစုတိုင်းက အားလုံး ကိုယ့်ကိုကိုယ်၊ ကိုယ့်မိသားစုကို ရောဂါမပြန့်ပွားအောင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် အညီနေထိုင်ပြီး ကာကွယ်မယ်ဆိုရင် အားလုံးပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

မေး။   ပြည်သူများအတွက် ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါခင်ဗျာ။

ဖြေ။    ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအပိုင်းတွေမှာ လူတိုင်းလူတိုင်းပါဝင်ဖို့ လိုပါ တယ်။ ဒီရောဂါကူးစက်မှုအခြေခံက တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှုက ကူးစက်တာဖြစ်ပါတယ်။ ဒါကြောင့်ယခုအချိန်မှာ တတ်နိုင်သလောက် အိမ်မှာပဲနေပေးပါ။ အကြောင်းကိစ္စမရှိဘဲ အပြင်မထွက် ပါနဲ့။ မဖြစ်မနေ အပြင်ထွက်ရရင်လဲ Mask တပ်ပြီးမှသွားပါ။ လက်ကိုခဏခဏဆပ်ပြာ ဖြင့် စက္ကန့် (၂၀) ကြာအောင်ဆေးကြောပါ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ(၆)ပေ အကွာနေထိုင်ပါ။ လုပ်ငန်းခွင်မှာ အလုပ် လုပ်နေရသူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်တွေကို ကိုယ့်အချင်းချင်း အသိ ပေးပါ။ သတိပေးပါ။ ဒါတွေကို ပြည်သူတွေအားလုံး လိုက်နာကြပါလို့ အလေးအနက် ပန်ကြားလိုပါတယ်။

မျိုးမင်းထွန်း၊ တင်စိုး (ပဲခူး)