မာန်အောင် ဇူလိုင် ၂၇
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ မာန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှမြို့နယ် ကျန်းမာရေးသူနာပြုအဆင့်(၁) ဆရာမကြီးဒေါ်တင်တင်ခိုင်အား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၁)နာရီအချိန်က တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ မြို့နယ်သူနာပြုဆရာမကြီးဒေါ်တင်တင်ခိုင်အား မေးမြန်းရာ
မေး။ ပြည်သူတွေအနေနဲ့ ကိုဗစ်-ရောဂါလက္ခဏာတွေရှိလာရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲ။
ဖြေ။ ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါလက္ခဏာတွေရှိလာရင် သက်ဆိုင်ရာ ကျန်းမာရေးဌာန နှင့် အမြန်ဆုံးဆက်သွယ်ရပါမယ်၊ မိမိတို့နေထိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူမှုကူညီရေး အသင်းများ ကိုလည်းဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်၊ အိမ်မှာကြိတ်ကုမနေဘဲ မြို့နယ် ကျန်းမာရေးဌာနမှာ ထိရောက်တဲ့ ကုသမှုခံယူစေချင်တယ်။
မေး။ ကိုဗစ်ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ စစ်ဆေးပေးနေတာကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် WHO ကအသိအမှတ်ပြုထားတဲ့ Rapid Diagnostic test (RDT Test Kit) နှင့်မာန်အောင်မြို့ပြည်သူ့ဆေးရုံတွင် စစ်ဆေးပေးနေပါတယ်။
မေး။ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးပါသလဲ။
ဖြေ။ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီဆိုရင်တော့ မြို့နယ်ပြည်သူ့ဆေးရုံ (ဟောင်း) သီးသန့်လူနာဆောင်၊ ဆေးရုံကြီးအပေါ်ထပ်နှင့် မြို့နယ်ခန်းမတို့တွင်သီးသန့်ထားရှိကုသပေးနေပါတယ်။ရောဂါပြင်းထန်သူများကိုတော့ဆေးရုံ(ဟောင်း)သီးသန့်ခန်းမမှာထားရှိပါတယ်။ မာန်အောင်မြို့နယ်မှာ ဇူလိုင်လ၁၄ရက်နေ့မှာ ပိုးစတင်တွေ့ခဲ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းဖြစ်ပါတယ်။
မေး။ ပိုးတွေ့လူနာများ Quaratine ဝင်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဘယ်လိုစီစဉ်ထားတယ်ဆိုတာလည်း ဖြေကြားစေလိုပါတယ်။
ဖြေ။ ပိုးတွေ့လူနာများကို တော့မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်ခန်းမမှာ ထားရှိပြီး မာန်အောင်မြို့ နယ်ပြင်ပမှ ဝင်ရောက်လာသူများကိုတော့ ရန်အောင်မြင်ရပ်ကွက် ရှိဆိုင်ကလုန်းချာတာမှာ Quaratine Centre ဖွင့်လှစ်ထားပြီးQuaratineထားရှိပါတယ်။
မေး။ ဘယ်လိုရောဂါလက္ခဏာမျိုးပြသရင် စိုးရိမ်ရတဲ့အခြေအနေခေါ်ပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ရောဂါဟာ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ရောဂါဖြစ်တဲ့အတွက် အသက်ရှု ကြပ်ခြင်း ၊ မောပန်းခြင်း၊ သွေးထဲကအောက်စီဂျင်ပမာဏ ကျဆင်းတာတွေဟာ စိုးရိမ်ရတဲ့အခြေအနေ လို့ ပြောလို့ရပါတယ်။
မေး။ လူနာတွေအတွက် Oxygen လိုအပ်ချက်များကို ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ကျမတို့မာန်အောင်မြို့နယ်မှာတော့ ယခင်ရှိပြီးအောက်ဆီဂျင်နဲ့နှင့် လည်ပတ်အသုံးပြုနေပါတယ် Oxygen လိုအပ်ချက်အသေးစိတ်ကိုတော့ မြို့နယ်ဆရာဝန်ကြီးမှသာ ပြောပြပေးနိုင်မှာ ဖြစ်ပါတယ်။
မေး။ ကိုဗစ်ဖြစ်လာရင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ။
ဖြေ။ ကိုဗစ်ဖြစ်လာပြီဆိုရင်တော့ ကိုယ်ခံစွမ်းအားမြင့်တက်နေဖို့ လိုပါတယ်။ဒါကြောင့် ကိုခံစွမ်းအားကို မြင့်တက်စေမဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့လိုပါတယ်။ အိပ်ရေးဝအောင် အိပ်ဖို့ လိုပါတယ်၊ လိုအပ်တဲ့ရေနဲ့အာဟာရ၊ ဓါတ်ဆား စသည်တို့ကို ဆောင်ထားဖို့လိုပါတယ်။ ဆေးလိပ် ၊ အရက် ၊ ကွမ်းစားတာတွေကိုရှောင်ရှားဖို့ လိုပါတယ်။
မေး။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိပညာပေးလုပ်ငန်းကို ဘယ်လိုဆောင်ရွက် ထားပါသလဲ။
ဖြေ။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိပညာပေးလုပ်ငန်းများ အနေနဲ့ ပြည်သူများအားကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်း၊လမ်းသွားလမ်းလာသူများအား (Mask Campaign) လှုပ်ရှားမှုများကို အပတ်စဉ်ဆောင်ရွက်ပြီးတော့ ဗီနိုင်းပိုစတာစိုက်ထူခြင်း ၊အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများ ကိုမြို့နယ်ကိုဗစ်ရောဂါထိန်းချုပ်ရေးအဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
မေး။ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများကိုထိုးနှံနိုင်ဖို့စီစဥ်ဆောင်ရွက်ထားတာရှိပါသလား။
ဖြေ။ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကိုပြည်နယ်သို့စာရင်းတင်ပြထားပါတယ်။
မေး။ လက်ရှိဆေးရုံတက်နေတဲ့လူနာဦးရေ ၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူဦးရေ (ပြန်လည် ကျန်းမာလာမှုအခြေအနေ)ကိုသိချင်ပါတယ်။
ဖြေ။ မာန်အောင်မြို့နယ်တွင် ယခုလ၁၄ရက်နေ့ပိုးစတင်တွေ့ခဲ့ပြီး ယနေ့ထိပိုးတွေ့အတည်ပြုလူနာ (၃၃)ဦးရှိခဲ့ပါတယ်၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၂)ဦးရှိခဲ့ပြီး ရောဂါအခံနှင့် သေဆုံးသူ၅ဦးရှိခဲ့ပါတယ်။ ကျန်ပိုးတွေ့လူနာ(၁၆ )ဦးကိုတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိပါတယ်။
မေး။ အခြားဖြည့်စွက် ပြောကြားလိုမှုတွေရှိပါက ဖြေကြားစေလိုပါတယ်။
ဖြေ။ ဒီကိုဗစ်ရောဂါကို ပြည်သူများကပူးပေါင်းပါဝင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန် ကြားထားသော ကာကွယ်ရေးဆိုင်ရာအသိပညာပေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် မှသာလျှင်အချိန်မှီ ထိန်းချုပ်နိုင်မှာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
စိုးစိုးနိုင်