ဝန်းသို ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အထက် ချောင်းဖျားကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းအချိန်က ဒေါင်းမြူးချောင်းရေ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒေါင်းမြူးချောင်း ရေကြီးရေလျှံမှုကြောင့် ချောင်းကမ်းနဘေးတစ်လျှောက်ရှိ ကျောင်းကုန်း၊ လက်ပံကျင်း၊ မှိုချင်၊ လယ်ဦး၊ နမော်၊ လေသာ၊ နမလင်၊ မြောက်လည်၊ချမ်းမြသီတာကျေးရွာ၊ ချေယားကုန်း၊ မန်ကျည်းကုန်း၊စိန်လည်၊ အုပ်ဖို၊ကြိုင်းခွင်ကျေးရွာတို့နှင့်ဆီဆုံကုန်းရပ်၊ ကြိုးကြာကွင်း ရပ်အတွင်းရှိ အနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်ခဲ့သည့်အပြင် ကျေးရွာအုပ်စု ၅အုပ်ရှိ တောင်သူပေါင်း ၁၀၃ဦး၏ မိုးစပါးလယ်ဧရိယာ ၃၁၀ ဧက ရေကြီးနစ်မြုပ်ပျက်စီးခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။
ဝန်းသိုမြို့နယ် ဒေါင်းမြူးချောင်းရေသည် နာရီပိုင်းအချိန်၌ ရေပြန်လည်ကျဆင်းခဲ့ပြီး ရေကြီးရေလျှံ မှုကြောင့် လူနှင့်တိရစ္တာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။
ကျော်မြိုင်