စစ်တွေမြို့၌ ဝင်ငွေနည်းသော ဆင်းရဲသားလူတန်းစားများအား လူမှုရေးအဖွဲ့အစည်းများစုပေါင်းထောက်ပံ့

စစ်တွေ  ဇူလိုင် ၂၇

စစ်တွေမြို့၌ ဝင်ငွေနည်းသော ဆင်းရဲသားလူတန်းစားများအား လူမှုရေးအဖွဲ့အစည်းများ စုပေါင်း၍ “ကိုဗစ်-၁၉ ကာလာစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဆင်းရဲသားများ ထောက်ပံ့ ရေးကော်မတီ” ဖွဲ့စည်းကာ ယမန်နေ့မှ စတင်ပြီးထောက်ပံ့ပေး လျက်ရှိကြောင်းသိရသည်။

စစ်တွေမြို့ပေါ်မှ ဆင်းရဲသားပြည်သူများကို ထောက်ပံ့ပေးနေမှုနှင့်ပတ်သက်ပြီး “ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဆင်းရဲသားများ ထောက်ပံ့ရေးကော်မတီ” အဖွဲ့ဝင်၊ ရခိုင်မျိုး စောင့်အုပ်စု(ARG)ဥက္ကဋ္ဌ၊ ဦးဘအေးက “ဒီနေ့ထောက်ပံ့ပေးတာကတော့ စစ်တွေမြို့ ပေါ်ရပ်ကွက်က အခက်အခဲကြုံနေရတဲ့ ဆင်းရဲသူဆင်းရဲသားတွေကို ကိုဗစ်ကာလမှာ အပြင်သို့သွား ရောက်ဖို့ မလိုအောင် စားဝတ်နေရေး ဖြေရှင်းနိုင်အောင်လို့ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ထောက်ပံ့ပေး တဲ့ အဖွဲ့အစည်းကတော့ စစ်တွေမြို့မှာရှိနေတဲ့ ပရဟိတအဖွဲ့တွေက စုပေါင်းပြီးတော့ ဒီလိုလုပ်ဖို့ လှုံဆော်ပြီးတော့ အလှူငွေတွေ ကောက်ခံပြီး ရတဲ့ငွေတွေနဲ့ရိက္ခာတွေဝယ်ပြီးတော့ ပေးတာဖြစ်ပါ တယ်။ ကျနော်တို့ အခုထောက်ပံ့ပေး နေတာကတော့ ဆန်၊ ပဲ၊ ငရုပ်၊ ဆီ၊ ကြက်ဥ(၅)မျိုးပေးနေတာပါ၊ တန်ဖိုးကတော့ တစ်ယူနစ်ကိုငွေကျပ် ၁၂၀၀၀ ကျော်ခန့်ရှိပါတယ်” ဟုပြောသည်။

“ကိုဗစ်-၁၉ ကာလာစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဆင်းရဲသားများ ထောက်ပံ့ ရေးကော်မတီ” အနေဖြင့် ရရှိထားသည့်အလှူငွေ သိန်း ၂၀၀ ကျော်ဖြင့် အိမ်ထောင်စု ၁၀၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အလှူငွေများ ဆက်တိုက်ရရှိနေသည့်အတွက် အိမ်ထောင်စုများကို တိုးချဲ့ထောက်ပံ့ပေးရန်လည်း ရှိကြောင်း သိရသည်။

ထို့အပြင် “ကိုဗစ်-၁၉ ကာလာစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဆင်းရဲသားများ ထောက်ပံ့ ရေး ကော်မတီ”မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ကြီးများဖြစ်သည့် ကျောက်ဖြူနှင့် သံတွဲမြို့များမှ ဆင်းရဲသားလူ တန်းစားများကိုလည်း ထောက်ပံ့ပေးရန်စီစဉ်လျက်ရှိကြောင်းနှင့် မြို့ပေါ်ဆင်းရဲသားများကိုအဓိက ထောက်ပံ့ ပေးရခြင်းနှင့်ပတ်သက်၍ ဦးဘအေးက “မြို့ပေါ်ကဆင်းရဲသား တွေကျတော့ ပေးပြီးတော့ ကျေးရွာ တွေကဆင်းရဲသားတွေကို ကျတော့မပေးလဲဆိုတော့ မြို့ပေါ်ဆင်းရဲ သားက အလုပ်မရှိဘူး၊ ဝင်ငွေမရှိတော့ ဘူးဆိုတာနဲ့ ကန်စွန်းရွက်ကအစ ဝယ်စားလို့မရတော့ဘူး၊ နယ်ကဆင်းရဲသားတွေကကျတော့ ဆန်တစ်ခုရှိရင် ငါးကိုချောင်းကရှာစားလို့ရတယ်၊ ဟင်းသီး၊ ဟင်းရွက်ကို လယ်တွေ၊ တောင်တွေကရှာစားလို့ရတယ်၊ မြို့ပေါ်ဆင်းရဲသားက အလုပ်မရှိ ဝင်ငွေမရှိတာနဲ့ အခက်အခဲကအရမ်းကြီးလို့ပါ၊ ဒါကြောင့်မို့လို့ မြို့ပေါ်ဆင်းရဲသားကို အဓိကထား ပေးတယ် မြို့ပေါ်ဆင်းရဲသားမှာ တစ်ခါ မြို့ကြီးလေ ဒုက္ခရောက်လေဘဲ၊ အဲ့ဒီကြောင့်မို့လို့ စစ်တွေက စပြီးတော့ပေးရတာဖြစ်ပါတယ်” ဟုပြောသည်။

ထိုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြင့် ဆင်းရဲသားပြည်သူများမှာ အပြင်သို့ထွက်ရန်မလိုခြင်း၊ နေအိမ်များတွင် နေထိုင်ခြင်းဖြင့် လူစုလူဝေးဖြစ်ပေါ်မှုနည်းပါးခြင်းတို့ကြောင့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)