မုဒုံမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

မုဒုံ ဇူလိုင် ၂၇ မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအတွက် ယမန်နေ့ညနေ ၃ နာရီက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မုဒုံမြို့နယ်တွင် ဇူလိုင် ၂၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာအုပ်စု၊ အရှေ့ပိုင်း၊ ကွက်သစ်တွင် ဦးလှဇော်၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ်ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး စုစုပေါင်းငွေကျပ် (၁၀၈၄၀၀)ကို လည်ကောင်း၊ ဇူလိုင် ၂၃ ရက်နေ့က မှိန်ကနိမ်းကျေးရွာအုပ်စု၊ အနောက်ပိုင်းတွင် လူနေအိမ် (၁၂)လုံးမှ သွပ်အမိုး (၁၁၅)ချပ်ခန့် လန်ထွက်ပျက်စီးပျောက်ဆုံးခဲ့ပြီး လူဦးရေ(၄၇) ဦး ဘေးသင့်ခဲ့သည့် လူနေအိမ် (၁၂)အိမ်အတွက် စုစုပေါင်းငွေကျပ် (၅၂၃၇၀၀/-)ကျပ်ကို လည်းကောင်း၊ ကျောက်တလုံးကျေးရွာအုပ်စု မြိုင်ကုန်းကျေးရွာတွင် လူနေအိမ်(၃)လုံးမှ သွပ်အမိုး (၅၈)ချပ်ခန့် လန်ထွက်ပျက်စီး ပျောက်ဆုံးခဲ့ပြီး လူဦးရေ(၁၄) ဦး ဘေးသင့်ခဲ့သည့် လူနေအိမ် (၃)အိမ်အတွက် စုစုပေါင်း ငွေကျပ် (၂၇၄၄၀၀) ကျပ်တို့ကိုလည်းကောင်း မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အောင်မျိုးသူ(ပြန်/ဆက်)