ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မိုးဆန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များတွေ့ဆုံမေးမြန်းခြင်း

ကျွန်းလှ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မိုးဆန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင် ၂၇ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး။   COVID 19 ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်မှ ဆောင်ရွက်ထားရှိမှုအခြေအနေကို သိချင်ပါတယ်။

ဖြေ။    COVID 19 ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်မှ COVID 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌအဖြစ် မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌက ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ်နဲ့ ဌာနဆိုင်ရာ များက အဖွဲ့ဝင် အဖြစ် ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိဆောင်ရွက်နေတာကတော့-

          ၁။ မြို့အဝင်ဂိတ်မှာ မြို့တွင်းဝင်ရောက်လာသူများကို စိစစ်ပြီး ကိုယ်အပူချိန်တိုင်းခြင်း၊ ဖျားနေလျှင် (သို့မဟုတ်) Stay Home သတ်မှတ်ထားသည့်မြို့များမှ ပြန်လာသူများဆိုလျှင် RDT Test စစ်ရန် သတ်မှတ်ထားသည့် Quarantine Center ဖွင့်ထားတဲ့မြို့နယ်ခန်းမမှာ သွားရောက်စစ်ဆေးရပါမယ်။ ပိုးတွေ့လူနာနဲ့ ထိတွေ့သူများကိုလည်း စစ်ဆေးပေးပါတယ်။ စစ်ဆေးလို့ Negative ဆိုလျှင် CBFQ သို့ Home Q ဝင်ရပြီး နောက်၁၀ရက်ပြည့်တဲ့ရက်မှာ ဒုတိယ အကြိမ် ထပ်မံစစ်ဆေးရပါမယ်။ Positive ဆိုရင်တော့ ကုသရေးစင်တာများဖြစ်တဲ့ ဆေးရုံ၊ ပိတောက်မြိုင်မူလွန်ကျောင်းနဲ့ ပျဉ်းမမြိုင်မူလွန် ကျောင်းများမှာ နေထိုင်ပြီး ကုသမှုခံယူရပါမယ်။

          ၂။ CBFQ ကိုတော့ မြို့နယ်စည်ပင်ခန်းမဖြစ်တဲ့ ရွှေကျွန်းသာခန်းမမှာ ဆောင်ရွက်ထား ရှိပါတယ်။ နေအိမ်မှာပဲ Quarantine နေချင်တဲ့သူများကိုလည်း စည်းကမ်းနဲ့အညီ ထားရှိပေးထားပါတယ်။

          ၃။ ကုသရေးစင်တာအနေနဲ့ ဆေးရုံမှာ ကုတင်(၂၀)ဆံ့ Isolation အခန်း(၁)ခုကို ဆေးရုံ အပေါ်ထပ်မှာ ထားရှိပေးထားပါတယ်။ နောက် ပိတောက်မြိုင်မူလွန်ကျောင်းနဲ့ ပျဉ်းမမြိုင် မူလွန်ကျောင်း (၂)ကျောင်း ကိုလည်း Positive လူနာများ ထားရှိထားပါတယ်။

          ၄။ သံသယလူနာများ၊ ပိုးရှိသူနဲ့ ထိတွေ့မိသူများ၊ Stay Home သတ်မှတ်ထားသည့်မြို့များမှ ပြန်လာသူများကို နေ့စဉ် RDTနဲ့ စစ်ဆေးပေးလျက်ရှိပါတယ်။

          ၅။ နောက် လူထုကို အသံချဲ့စက်နဲ့ နှိုးဆော်အသိပေးတာကိုလည်း မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကဆောင်ရွက်ပေးနေပါတယ်။ အခါအားလျော်စွာ ဌာနဆိုင်ရာ များမှ ပူးပေါင်းပြီး Mask Campaign ဆောင်ရွက်ခြင်း ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဈေးများမှာ Mask တပ်ဖို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျှက်ရှိပါတယ်။

မေး။   လက်ရှိ ပိုးတွေ့လူနာ အခြေအနေနဲ့ ပြန်လည်ကျန်းမာလာမှု အခြေအနေကို သိပါရစေ။

ဖြေ။    Covid 3rd Wave မှာ ကျနော်တို့ ကျွန်းလှမှာ ၂၇.၆.၂၀၂၁ ရက်မှာ ပိုးတွေ့လူနာ (၁)ဦး စတွေ့ ပါတယ်။ ယနေ့အချိန်အထိ ပိုးတွေ့လူနာ (၂၇၉)ဦးရှိပြီး၊ ပြန်လည်ကောင်းမွန်လို့ ကုသရေး စင်တာကနေ ပြန်ခွင့်ရရှိသူ (၈၂)ဦးရှိပါတယ်။ လွှဲပြောင်း(၁)ဦးနဲ့ သေဆုံးသူ(၅)ဦးရှိပါတယ်။

မေး။   ပိုးတွေ့လူနာများကို ဆောင်ရွက်ထားရှိမှု အခြေအနေ သိချင်ပါတယ်။                                

ဖြေ။    ပိုးတွေ့လူနာများကို ရောဂါပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး သတ်မှတ်နေရာကို ပို့ဆောင်ပေးပါတယ်။ ရောဂါ အသင့်အတင့်နဲ့ ပြင်းထန်သူများကို ဆေးရုံမှာ ထားရှိပေးထား ပါတယ်။ ရောဂါလက္ခဏာ မပြသူ၊ ရောဂါပြင်းထန်မှု မရှိသူများကိုတော့ ပိတောက်မြိုင် မူလွန်ကျောင်းနဲ့ ပျဉ်းမမြိုင်မူလွန်ကျောင်းတို့မှာ ထားရှိပေးထားပါတယ်။ လူနာများ ပို့ဆောင်ပေးဖို့အတွက် မြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ သဗ္ဗသုခ အသင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်။

မေး။   လူနာများအတွက် အောက်စီဂျင်လိုအပ်မှုကို ဘယ်လို စီစဉ်ဆောင်ရွက်ထားရှိပါသလဲ။

ဖြေ။    ကျွန်တော်တို့ဆေးရုံမှာ အောက်စီဂျင်ဖြည့်ဖို့ Oxygen Plant မရှိပါဘူး။ အောက်စီဂျင်ဖြည့်ဖို့ လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ သဗ္ဗသုခ အသင်းက ဆေးရုံက Oxygen Cylinder များကို ယခင်ကတော့ ကန့်ဘလူမြို့ကို သွားရောက်ဖြည့်ပေးပြီး၊ ယခု မြို့နယ်မီးသတ်တပ်ဖွဲ့ ရုံးမှ လည်း သွားရောက်ဖြည့်ပေးပြီး ဆေးရုံမှ Oxygen လိုအပ်လူနာများထံကို ပို့ပေးနေပါတယ်။ လက်ရှိအခြေအနေမှာတော့ Oxygen Cylinder (၁၃)လုံးနဲ့ လည်ပတ်နေပြီး လုံလောက်မှုရှိ နေပါတယ်။

မေး။   ပြည်သူတွေ အနေနဲ့ ရောဂါသံသယရှိလာရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရပါမလဲ။

ဖြေ။    ပြည်သူတွေအနေနဲ့ ရောဂါသံသယရှိလာရင် သံသယလူနာများစစ်ဆေးပေးတဲ့ ရွှေကျွန်း သာခန်းမကို လာရောက်စစ်ဆေးရပါမယ်။

မေး။   ကာကွယ်ဆေး ထိုးနှံပေးနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ။    ကာကွယ်ဆေးကို ၂၀၂၁ခုနှစ်၊ မတ်လမှာ စတင် ထိုးနှံပေးခဲ့ပါတယ်။ ဦးစားပေးအနေနဲ့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ သံဃာများ၊ အသက်(၆၅)နှစ်အထက် လူကြီးတွေကို ထိုးပေးပါတယ်။ ယခုအထိ (၂၀၂၄)ဦး ထိုးနှံပြီးပါပြီ။ ဆက်လက်ထိုးနှံပေးဖို့ အစီအစဉ်ရှိပါတယ်။

မေး။   အခြားဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါ။

ဖြေ။    ကျနော်တို့ ကျန်းမာရေးဌာနအနေနဲ့ COVID 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော် မတီရဲ့ ဦးဆောင်မှုနဲ့ COVID 19 ရောဂါကာကွယ်ရေးနဲ့ ကုသရေးကို ဆက်လက်ဆောင်ရွက် နေကြောင်း ပြောကြား လိုပါတယ်။

ဖိုးချို၊ မျိုးဝင်းညို(ပြန်/ဆက်)