မင်းလှမြို့နယ်၌ အောက်ဆီဂျင်လုံလောက်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းလှ    ဇူလိုင်  ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးမှူး၍ မင်းလှမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေး၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် က အမှာစကားပြောကြားရာတွင် မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများမှ အောက်ဆီဂျင်ပေးရန်လိုအပ်နေသည့် လူနာများအတွက် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒနာရေးကူညီမှုအသင်း၊ မုဒိတာပရဟိတအသင်းတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် ယခုအခါမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများမှာ အောက်ဆီဂျင်ပေးရန် လူနာဦးရေများပြားလာသဖြင့် မင်းလှမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေးအတွက် သက်ဆိုင်ရာစက်ရုံများနှင့် ဆက်သွယ်၍ အောက်ဆီဂျင်ဖြည့်တင်းရေးကော်မတီနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီ   တို့ကိုဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သည့်အတွက် အဆိုပါကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက မင်းလှမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး အတွက်သက်ဆိုင်ရာစက်ရုံများနှင့် ဆက်သွယ်၍ အောက်ဆီဂျင်ဖြည့်တင်းရေးကော်မတီနှင့် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကော်မတီ   ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍  ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။  မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် လုပ်ငန်းများအား စီစဉ်ဆောင်ရွက်လျက်ရှိပြီး အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် တစ်ဦးချင်းဖြစ်စေ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့အလိုက်ဖြစ်စေ  အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဝင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့် ဆက်သွယ်လှူဒါန်းရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်ရာဌာနဆိုင်ရာများ (သို့)အသင်းအဖွဲ့များမှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)