ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေးအတွက် စုပေါင်းစစ်ဆေးရေးဂိတ်( ၃ )ဂိတ်ဖြင့် အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိ

ပုလဲ  ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေးအတွက် ယမန်နေ့ နံနက် ၆နာရီမှ စတင်၍ စုပေါင်းစစ်ဆေးရေးဂိတ်(၃)ဂိတ်ထားရှိ၍   အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီနှင့် ဌာနတာဝန်ရှိသူများက  လှည့်လည်ကြည့်ရှု  အားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲအောင်က “   ကျွန်တော်တို့   ပုလဲမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  ဦးသန်းထွန်းအောင်ရဲ့ ဦးဆောင်မှုဖြင့် ဌာနအသီးသီးမှ ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊စေတနာ့ဝန်ထမ်းများ ပါဝင်တဲ့  အမှတ်(၁) စုပေါင်းစစ်ဆေးရေးဂိတ်ကို ပုလဲမြို့အဝင် ဂန့်ဂေါ-ပုလဲကားလမ်းဘေးမှာ လည်းကောင်း၊  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး  ဦးဌေးအောင်   ဦးဆောင်တဲ့  အမှတ်(၂)စုပေါင်းစစ်ဆေးရေးဂိတ်ကို ပုလဲမြို့အဝင် ပုလဲ-ဆားလင်း ကြီးကားလမ်းဘေးရှိ  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ လည်းကောင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးဝေဠုမောင်  ဦးဆောင်တဲ့ အမှတ် ( ၃ ) စုပေါင်းစစ်ဆေးရေးဂိတ်ကို  မြို့အဝင် ပုလဲ - ယင်းမာပင် ကားလမ်းဘေးရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းရှေ့မှာ လည်းကောင်း ဇူလိုင်၂၆ရက်မှစတင်၍ ထားရှိပြီး နေ့စဉ်နံနက်(၆)နာရီမှ ညနေ( ၆ )နာရီအထိ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်း၊ ဖြတ်သန်းသွားလာနေတဲ့     အများပြည်သူများအနေဖြင့်  ပါးစပ်နှင့်  နှာခေါင်းစည်း  Maskများတပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ Mask တပ်ခြင်းမရှိဘဲ ဖြတ်သန်းသွားလာနေသူများအား အရေးယူဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ ဒီနေ့ကတော့  ပထမဆုံးနေ့ဖြစ်တဲ့အတွက် Maskမပါတဲ့ ခရီးသွားပြည်သူများကို ပါးစပ်နဲ့ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး  နောက်နေ့တွေမှာဆိုရင်တော့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကပ် ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ် ” ဟု ပြောကြားခဲ့သည်။

ပုလဲမြို့နယ်အနေဖြင့် ဇူလိုင်၂၆ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၃၅၄)ဦး၊ ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့်  လူနာ( ၂၂ )ဦး၊ ဆေးရုံဆင်းခွင့်ရ လူနာ( ၃၉ )ဦး၊ Home  Quarantineနှင့် QuarantineCenterများမှာထားရှိသူ(၂၈၇)ဦး၊သေဆုံးသူ(၆)ဦး ရှိကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 မင်းခန့်စိုး(ဇေယျာမြေ)