ဘီးလင်း ဇူလိုင် ၂၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဇုတ်သုတ်ကျေးရွာနှင့်သစ်တိုကျွန်းကျေးရွာများမှ လေဘေးသင့် ပြည်သူများအားလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဇုတ်သုတ်ကျေးရွာနှင့် သစ်တိုကျွန်း ကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး လူနေအိမ် (၁၄)လုံး မှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ ၈၀ ဦးဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃၄၅၀၀၀၀ (သုံးဆယ့်လေး သိန်းငါးသောင်း )ခန့် ရှိကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများမှ လူဦးရေ ၈၀ ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၅၁၆၀၀၀(ဆယ့်ငါးသိန်းတစ်သောင်း ခြောက်ထောင်)ကျပ် နှင့် လုံးဝပျက်စီးနေအိမ်(၄)လုံးအတွက် ငွေကျပ် ၁၈၄၁၄၄ (တစ်သိန်းရှစ်သောင်း လေးထောင်တစ်ရာလေးဆယ့်လေး)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ အား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးမှတာဝန်ရှိသူများက သက်ဆိုင်ရာ လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဘီးလင်း (ပြန်ဆက်)