သံတွဲ ဇူလိုင် ၂၇
သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် သံတွဲမြို့ ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။
မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်ရှိ မဟာမြိုင်လမ်း၊ အမှတ်(၂)ရပ် ကွက်ရှိ မာဃလမ်း၊ သုတိလမ်း နှင့်အမှတ်(၆) ဗောဓိကုန်းရပ် ကွက်ရှိလမ်းများတွင်ရေ(၂)ပေခန့်နစ်မြုပ်လျက်ရှိပြီး အမှတ်(၄)ရပ်ကွက် ညောင်ပင်ဈေး ၊ ဓားသွေးကျောက်ကျေးရွာ များတွင်လည်းရေကြီးနစ်မြုပ်လျက်ရှိသည်။
သံတွဲမြို့နယ်တွင် ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်တိုင်းထွာချက်အရ မိုးရေချိန် လက်မ (၆.၉၁) ရှိကြောင်းနှင့် သံတွဲချောင်း၏ စိုးရိမ်ရေအမှတ် (၈၅)စင်တီမီတာ ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။