မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌသည် မကွေးမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး များအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မြို့ပေါ်ရပ်ကွက်များရှိ အသွားအလာ ကန့်သတ်ထားသည့်နေရာများအား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ခရိုင်ပြန်/ဆက်ဦးစီးမှူးက (Stay at Home) သတ်မှတ်ထားစဉ် ကာလ အတွင်း လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိကာ လိုက်နာနိုင်စေရေးအတွက် အသိပညာပေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ PPE ဝတ်စုံများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်မေတ္တာရပ်ကွက်ရှိ အသွားအလာကန့်သတ်ထားသည့်နေရာများနှင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု များပြားသည့် နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ပိုးသတ်ဆေးဖျန်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)