ယင်းမာပင် ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖြင့် ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ကြပ်မတ်နိုင်ရေး ၊ ဌာနဆိုင်ရာများအနေနဲ့ စစ်ဆေးရေးအဖွဲ့များတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ နေထိုင်နိုင်ရေး အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက လက်ရှိကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆောင်ရွက်နေမှုအခြေအနေများ ၊ မြို့ပေါ်ရပ်ကွက် များတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ စသည်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများပူးပေါင်း၍ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးသို့ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
စိုးမိုး