မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေားကော်မတီမှ သံတွဲမြို့နယ်အတွင်းရှိ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများပေးအပ်

သံတွဲ ဇူလိုင် ၂၇

သံတွဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေားကော်မတီမှ မြို့နယ် အတွင်းရှိ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှဟန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များက ပံ့ပိုးကူညီဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့များ၏ ပြန်လည်ဆွေးနွေး တင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ အဆင့်-၁ (၄၅)စုံ၊ ကို PPE ဝတ်စုံ အဆင့်-၂ (၄၅)စုံ၊ မျက်နှာကာ ၄၅-ခု၊ လက်အိတ် (၄၀၀)စုံ ၊ ရာဘာ လည်ရှည်ဖိနပ်နှင့် ကာဘာ ၄၀ စုံတို့ကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေး  အဖွဲ့နှင့် ပရဟိတအဖွဲ့ ၈ ဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။