ပေါင် ဇူလိုင် ၂၆
မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းလာမှုတို့ကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့ပေါ် ရပ်ကွက်တချို့မှာ ယနေ့ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ရေကြီးနစ်မြှပ်များ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။
"မိုးက ရက်ဆက်ရွာနေတော့ မနေ့ညက စပြီး ရေနည်းနည်းများနေပြီးပေါ့။ ညကလည်း ထပ်ရွာ ခုထိရွာ နေတုန်းပဲဆိုတော့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေက ဒူးခေါင်းအကျော် ပေါင်နားအထိ လမ်းတွေမှာ ရေကျော်နေတယ်။ ပိုဆိုးတာက တောင်ကျရေလည်း ကျနေတော့ များများလာတယ်။ မိုးက ဒီတိုင်း ရွာနေရင်တော့ ရေက ပိုများလာဖို့ပဲ ရှိတယ်။" ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုသီဟက ပြောသည်။
အလားတူ ဇင်းကျိုက်မြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်တွင် ယနေ့ နံနက် ၅ နာရီခန့် က ရေအမြင့် တစ်ပေခန့်ကျော်ခဲ့ပြီး လက်ရှိတွင် ရေအနည်းငယ် ကျန်ရှိနေသေးသဖြင့် ယာဉ်သွားလာမှု လွယ်ကူစေရေး အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင် ရေးအတွက် တာဝန်ရှိသူ များမှ စီစဉ်ဆောင်ရွက်ရှိကြောင်း သိရသည်။
မင်းဟိန်းကိုလင်း