တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ အသံချက်ဖြင့်အသိပေးနှိုးဆော်

တံတားဦး   ဇူလိုင် ၂၆

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးနိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ  ကိူဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိူးဆော်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို  တံတားဦးမြို့နယ် လူစည်ကားသည့်နေရာများဖြစ်သော မြို့မစည်ပင်သာယာရေးဈေး၊ အမှတ်()ရပ်ကွက် ဆုံကုန်းရပ်၊ တံတားဦး မြို့သာကားလမ်းဘေး၊ နွားကျော်ဒဈေး၊ တဲတော်ရာရပ်၊ ကွက်သစ်ရပ်နှင့် ဘူတာရပ်ကွက်တို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်  နေအိမ်အတွင်း၌သာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှ ပြန်လာသော ဧည့်သည်များကို လက်မခံကြရန်၊ မိမိတို့ကလည်း အခြားနေအိမ်နှင့် အခြား သူများထံ မသွားရောက်ကြရန်၊ မဖြစ်မနေအပြင်သို့သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask တို့ကိုစနစ်တကျ လုံခြုံစွာ တပ်ဆင်အသုံးပြုရန်၊ လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများမပြုလုပ်ကြရန်နှင့် ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက်  ရောဂါကာကွယ် ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက  ကိုယ်စီလိုက်နာဆောင်ရွက်ကြပြီး  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးခြင်းဖြစ်ကြောင်း သိရသည်။

ရဲတင့်