ဒဂုံမြောက် ဇူလိုင် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများအား မြို့နယ်ကြက်ခြေနီ အသင်းသို့ ယမန်နေ့က လာရောက်လှူဒါန်း ရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုသော Surgical Ground အထည်(၅၀)၊ Oximeter တစ်ခု၊ Oxygen Mask တစ်ခု၊ အမှန်တကယ်အောက်ဆီဂျင် လိုအပ်နေသူများအား အိမ်တိုင်ရာရောက် အောက်ဆီဂျင်ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အောက်ဆီဂျင် 40 Liter အိုး (၃ )လုံး၊ အလှူငွေ ၅၀၀၀၀ ကျပ်တို့ကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် A2MP ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါက်တာကျော်ဇင်ပြုံးမှ မြို့နယ်ကြက်ခြေနီ အသင်းခွဲတွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ အသုံးပြုရန် လာရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း အရေးပေါ်လူနာများ၊ ကိုဗစ်-၁၉ ကူးစက်လူနာများအား Quarantine Center များသို့ ပို့ဆောင်ပေးခြင်းတို့ကို ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ