ပုလော ဇူလိုင် ၂၆
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချိုနှင့် တွေ့ဆုံ၍ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက မေးမြန်းခဲ့သည်။
မေး။ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကို သိပါစေ ဆရာ။
ဆရာဝန်ကြီး။ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနေဖြင့် အတည်ပြုစစ်ဆေးတဲ့လူနာ (၁၀၄)ယောက် ရှိပါတယ်။ ရပ်ကွက်ထဲတွင်လည်း အတည်မပြုနိုင်သေးတဲ့ လူနာများ လည်း ကျန်ရှိနေပါတယ်။
မေး။ ပုလောမြို့နယ်တွင် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအခြေအနေကို ပြောပြပေးပါ ဆရာ။
ဆရာဝန်ကြီး။ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပုံမှန်အတိုင်းဖြစ်တဲ့ နှာခေါင်းစည်းတပ်မယ်၊ လက်ဆေး မယ်၊ ခပ်ခွာခွာနေမယ် စတဲ့ ပညာပေးလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများတွင် မြို့နယ် ထွေအုပ်၊ ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လိုက်လံ နှိုးဆော်ခြင်း၊ Mask Compaign ပြုလုပ်ခြင်း၊ အပြင်ထွက်ရင် Mask မတပ်ဆင်ပါက ဒဏ်ဆောင်စေခြင်းများကို ပြုလုပ်လျက်ရှိပါတယ်။ ကာကွယ်ရေး ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်တဲ့ Mask ၊ Face Shield ၊ ပိုးသတ်ဆေးရည်များကို ဝယ်ယူ စုဆောင်းထားရှိပါတယ်။ လက်ရှိအချိန်မှာတော့ Second Wave က ကျန်ရှိနေ သော ပစ္စည်းများဖြင့် လုံလုံလောက်လောက်ရှိနေပါသေးတယ်။
မေး။ ပုလောမြို့နယ် ပြည်သူ့ဆေးရုံ တက်ရောက်မှု အခြေအနေကိုလည်း ပြောပြာပေးပါ ဆရာ။
ဆရာဝန်ကြီး။ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပုလော၌ အတည်ပြုလူနာ (၆) ယောက် တက်ရောက် ကုသ နေပြီးတော့ ၊ သံသယ လူနာကတော့ (၁၀) ယောက် ရှိပါတယ်။
မေး။ ပုလောမြို့နယ် ရောဂါလက္ခဏာ မခံစားရဘဲ အနံ့ပျောက်ခြင်း အခြေအနေနှင့် ရောဂါ လက္ခဏာပြ ဝေဒနာခံစားရတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါဦး ဆရာ။
ဆရာဝန်ကြီး။ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိ လူနာ (၁၀၄) ယောက်တွင် ရောဂါလက္ခဏာပြတဲ့ လူနာ (၁၇) ယောက်ရှိပြီး၊ (၇) ဦး သေဆုံးခဲ့ကြောင်း၊ ကျန် လူနာ(၈၇) ယောက် ကတော့ အနံ့ပျောက်၍ လာရောက်ကုသတဲ့ လူနာများသာဖြစ်ပါတယ်။
မေး။ ပုလောမြို့နယ်ရှိ အောက်ဆီဂျင် ရရှိသည့် လူနာ အခြေအနေကိုလည်း ရှင်းပြပေးပါဦး
ဆရာ။
ဆရာဝန်ကြီး။ ပုလောမြို့နယ်၌ ကိုဗစ် -၁၉ ပိုးတွေ့ရှိ အတည်ပြုလူနာ များထဲမှ (၃) ယောက်၊ သံသယ လူနာ နှင့် ရိုးရိုး လူနာ (၁၇) ယောက် စုစုပေါင်း (၂၀) ဦး ရှူနေရပါတယ်။
မေး။ ပုလောမြို့နယ် အောက်ဆီဂျင် ရရှိမှု အခြေအနေကို လည်း သိပါရစေ ဆရာ။
ဆရာဝန်ကြီး။ အောက်ဆီဂျင် အိုးများကို မေတ္တာရှင် ပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် မြိတ်မြို့တွင် ဆေးရုံဆရာဝန်ကြီး လက်မှတ်ဖြင့် ထုတ်ယူရပြီး တစ်နေ့ကို (၂၀) လုံး ရရှိပြီး ပုလောမြို့နယ်အနေဖြင့် လိုအပ်ချက်ကတော့ တစ်နေ့ကို (၃၀) လုံး လိုအပ်၍ (၁၀)လုံး လိုအပ်လျက်ရှိပါတယ်။
မေး။ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးအနေဖြင့် လိုအပ်ချက်များ ဘာများရှိပါ သလဲဆရာ။
ဆရာဝန်ကြီး။ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးအနေဖြင့် လိုအပ်ချက်များကတော့ ယခုအချိန်ခါတွင် ကာကွယ်ရေး ပစ္စည်းနှင့် ဆေးဝါး က အတန်အသင့် လုံလောက်မှု ရှိသော်လည်း အဓိက စိန်ခေါ်မှုကတော့ အောက်ဆီဂျင် လိုအပ်ချက် သာဖြစ်တယ်။ ယခုချိန်ခါတွင် ဆေးရုံ၌ အောက်ဆီဂျင် အိုး(၂၀)လုံးသာရှိ၍ အောက်ဆီဂျင်အိုးများ ကို ရရှိနိုင်ရေးကို အလှူခံလျက်ရှိကြောင်း၊ ထိုမှတဆင့် အလှူခံရရှိမှု အပေါ်တွင် မူတည်၍ ပုလောမြို့နယ်တွင် အောက်ဆီဂျင် ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အထိ မျှော်မှန်းထားရှိပြီး ဆောင်ရွက်လျက်ရှိပါတယ်။
တွေ့ဆုံမေးမြန်းသူ- အေးအေးမော်