မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်းများနှင့် ဘုန်းကြီးကျောင်းများသို့ Oxygen Concentrator အလုံး ၄၅၀ လှူဒါန်း

မန္တလေး   ဇူလိုင်လ   ၂၆

မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်း များနှင့် ဘုန်းကြီးကျောင်းများသို့ တစ်လုံးလျှင် ၉သိန်း ၆သောင်းတန် Oxygen Concentrator အလုံး ၄၅၀ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းက လှူဒါန်းရခြင်း ရည်ရွယ်ချက်များပြောကြားကာ ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ဒုတိယ ကြီးကြပ်ရေးမှူးက Oxygen Concentratorများ လှူဒါန်းဖြစ်ပုံကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဘုန်းတော်ကြီးများထံ Oxygen Concentratorများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံ အသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ ပရဟိတအသင်းအသီးသီးမှ တာဝန်ရှိသူများထံ Oxygen Concentratorများ ပေးအပ်လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အဆိုပါ အလှူဒါန်းပွဲသို့ ဘုန်းတော်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်