မြိတ် ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကင်းဝေးပပျောက်စေရေးအတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ် တရားတော်များကို ယမန်နေ့ နေ့လယ်(၂)နာရီမှစတင်ကာ မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီးစေတီနှင့် ရပ်ကွက်/ကျေးရွာများသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ပွားချီးမြှင့် ခဲ့ကြသည်။
ရှေးဦးစွာ လေးကျွန်းဆီမီးစေတီ ဗုဒ္ဓသာသနာ့ဗိမာန်တော်တွင် တနင်္သာရီတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်(၁၈)ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဧည့်ပရိတ်သတ်များက နာယူခဲ့ကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဆောင်၍ မော်တော်ယာဉ် များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို လေးကျွန်းဆီမီးစေတီတော်မှ စတင်ကာ မြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)စုတို့ကို လှည့်လည်ရွတ်ပွားချီးမြှင့်ခဲ့ကြရာ တာဝန်ရှိသူများက လမ်းတလျှောက် ပရိတ်သဲများ ပက်ကြဲခဲ့ကြပြီး အရန်မီးသတ်စခန်း(၂)ခုမှ မီးသတ်ယာဉ်(၂)စီးဖြင့်လမ်းတလျှောက် ပရိတ်ရေများ ပက်ဖျန်းပေးခဲ့ ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ်၊ ပြန်/ဆက် )